Home
ဆောင်းပါး
အာစရိယဂိုဏ်းသင့်သူများ
DVB
·
October 7, 2023

ရှေးရှုမေတ္တာ၊ ကရုဏာနှင့်

နာနာကျင်ကျင်၊ အပြစ်မြင်တိုင်း

ဝမ်းတွင်မသို၊ ဟုတ်တိုင်းဆို၍

ကျိုးလိုစိတ်က၊ ဆုံးမတတ်သူ

ဆရာဟူလော့။ ။ (မာဃဒေဝလင်္ကာ)

ဆရာ ဆုံးမ၊ သွန်သင်ပြလည်း

မာန်ကမကျ၊ စစ်သွေးကြွသည်

စစ်ကောင်စီကား၊ ဆရာများကို

ဖမ်းထားနှိပ်စက်၊ သတ်ရက်ပေသူ

ဖက်ဆစ်ဟူလော့။ ။ (ကမ္ဘာ့ဆရာများနေ့)

ဘုရား တရား သံဃာ မိဘ ဆရာ အနန္တောအနန္တ ၅ ပါးကို ပြစ်မှား ကျူးလွန်မိသော် အလွန့်အလွန် အင်မတန် အပြစ်ကြီးမားတာကို ဗုဒ္ဓဘာသာဝင်တိုင်း သိကြပါတယ်။ လက်ရှိမှာ အကြီးအကျယ် မှားယွင်းစွာ အာဏာသိမ်းထားတဲ့ စစ်တပ်ကို ပညာရေးဝန်ထမ်း ဆရာဆရာမတွေက သွန်သင် ဆုံးမခဲ့ကြပါတယ်။ အာဏာသိမ်းတယ်ဆိုဟာ မကောင်းဘူး။ ဒီမိုကရေစီနဲ့ အာဏာသိမ်းတာဟာ ဆန့်ကျင်ဖက်ပဲ။ မလုပ်သင့်ဘူး။ ပြည်သူ့အာဏာ ပြည်သူကို ပြန်ပေးလိုက်ပါလို့ ပြောဆိုဆုံးမပြီး CDM လုပ်ခဲ့ကြတဲ့ ဆရာ ဆရာမတွေကို လမ်းတွေပေါ်မှာ ပစ်သတ်ခဲ့တယ်။ မတရားဖမ်းဆီးခဲ့ကြတယ်။ စစ်ကြောရေး စခန်းတွေမှာ နှိပ်စက်ကြတယ်။ ဆရာမတွေကို လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ကြတယ်။ အခုထိ ဖမ်းထားဆဲ ဆရာ ဆရာမ ပညာရေးဝန်ထမ်း ၁၅၀၀ ကျော် ရှိပြီး အသတ်ခံရတာလဲ ၁၀၀ ဝန်းကျင်ရှိပါတယ်။ အာစရိယဂုဏော အနန္တောဆိုတဲ့ ဆရာဂိုဏ်းသင့်သူများဟာ အာဏာသိမ်းစစ်ကောင်စီပါ။ ဆရာမိဘ ဂိုဏ်းသင့်က ဘာမျှအောင်မြင် မရှိချေ။ ဆိုပြီး ဆရာတော် သမားတော်ကြီးတွေက ဟောကြားတာ နာဘူး မှတ်ဖူးပါရဲ့။

ကမ္ဘာ့ဆရာများနေ့အကြောင်း

ကမ္ဘာ့ကုလသမဂ္ဂ ယူနက်စကို အဖွဲ့ကြီးက ကြီးမှူးပြီး ၁၉၉၄ ခုနှစ်ကစလို့ နှစ်စဉ် နှစ်တိုင်း အောက်တိုဘာလ ၅ ရက်နေ့ကို ကမ္ဘာ့ဆရာများနေ့ (World Teachers’ Day) သတ်မှတ်ပြီး ကမ္ဘာတစ်ဝန်း ကျင်းပလာခဲ့ကြတာပါ။ အထူးသဖြင့်ကတော့ ဆရာတွေရဲ့ ကျေးဇူး ဂုဏ် စေတနာ အနာခံမှုတွေကို အသိအမှတ်ပြု ကျင်းပကြတာပါ။ ဆရာများနေ့အတွက် DVB TV သတင်း လုပ်ဖို့ သတင်းအစည်းအဝေးမှာ တိုင်ပင်ကြတယ်။ ဒီတော့ ဆရာတွေကို အင်တာဗျူးဖို့ စုံစမ်း ရှာဖွေကြရတော့တာပေါ့။ ဒီနေရာမှာ ပြည်တွင်းပြည်ပ ဆရာ ဆရာမတွေကို ဖုန်းဆက်တော့ ဝမ်းနည်းစရာကောင်းစွာပဲ တော်တော်များများက မဖြေရဲကြဘူး။ စိုးရိမ်ကြတယ်။ ကြောက်နေကြတယ်ပေါ့။ ဆရာဘဝ အခက်အခဲ၊ လိုအပ်ချက်၊ မြန်မာ့ပညာရေးအပေါ်အမြင် စတာတွေကို ပြောမိလို့ မင်းပြစ်မင်းဒဏ်သင့်နိုင်တယ်တဲ့။ ဟုတ်ပါတယ်။ ဘီလူးတမျှ ဓားပြလိုမျိုး ရက်စက်စိုးမိုးနေတဲ့ စစ်ကောင်စီကို ကြောက်ရသပေါ့။ ဒါဟာ မဆန်းပါဘူး ဆိုပေမဲ့ အမှန်တရား ကိုယ်ကျင့်တရား ကောင်းရာညွှန်လတ် အတတ်သင်စေ ဆရာတွေသည့်လောက် ကြောက်နေရင်ဖြင့် သင်ကြားပေးရမဲ့ သူရသတ္တိ ပို့ချချက်တွေကတော့ ပျောက်ခြင်းမလှ ပျောက်ဆုံးခြင်းပဲပေါ့။

ကမ္ဘာ့ဆရာများနေ့မှတ်မှတ်ရရပြောကြားချက်များ

ရန်ကုန်က Non CDM ဆရာမတယောက်က "ကမ္ဘာ့ဆရာများနေ့မှာ ကျမတို့ မြန်မာပြည်က ဆရာဆရာမတွေကတော့ ဒုက္ခပင်လည်ဝေနေ ရတာပေါ့ရှင်။ ဆရာမဘဝ ရတဲ့လစာနဲ့ ကုန်ဈေးနှုန်းတွေ ၂ ဆ ၃ ဆ တက်တာနဲ့ ဘယ်လိုမှ မစားလောက်ပါဘူးရှင်။ ကျမအသံကိုလည်း မထုတ်လွှင့်လိုက်ပါနဲ့။ အဖမ်းခံရမှာ ကြောက်လို့ပါ။ ၂၀၁၅ ခုနှစ် ရှေ့ပိုင်းကလည်း ဆရာတွေ ကျပ်တည်းခဲ့တာပါပဲ။ ၂၀၁၅ ကနေ ၂၀၂၁ အာဏာမသိမ်းခင် ဒေါ်အောင်ဆန်းစုကြည် NLD လက်ထက်တုန်း ကတော့ ကျမတို့ ဆရာဆရာမတွေ အသက်ရှု နည်းနည်း ချောင်ခဲ့ဖူးပါတယ်။ စစ်တပ် အာဏာသိမ်းပြီး အခု ၃ နှစ်အတွင်းကတော့ စားဝတ်နေရေးနဲ့ ကြပ်၊ စစ်တပ်ကလည်း ဆရာ ဆရာမတွေကို နည်းမျိုးစုံနဲ့ကြပ်။ မလှုပ်သာ မလူးသာ နွံအိုင်ထဲနစ်နေရပါပြီ။ ကြာရင် စုံးစုံးမြုပ်ပါတော့မယ်။" လို့ ပြောသွားပါတယ်။

CDMဆရာမ ထောင်တွင်းအတွေ့အကြုံ

CDM အထက်တန်းပြ ဆရာမတယောက်ကတော့ " စစ်အာဏာသိမ်းတာကို မကြိုက်လို့ ကျမ Resign လုပ် အလုပ်က ထွက်စာတင်တဲ့နေ့ပဲ ကျမကိုဖမ်းပါတယ်။ အချုပ်ထဲကို ဝင်လိုက်တဲ့အချိန်မှာပဲ ကျမမျက်နှာကို တုတ်နဲ့ရိုက်တယ်။ နှာနုကျိုးတယ်။ ကျမ နှာခေါင်းသွေးတွေ တအား ထွက်လာတယ်။ နှာခေါင်းသွေးတွေနဲ့ပဲ ကျမ စစ်ကြောရေး ရောက်သွားတယ်။ ရောက်သွားတဲ့အချိန်မှာပဲ စစ်ထောက်လှမ်းရေးက ကျမရဲ့ ဘယ်လက်ဖျံကို ဓားနဲ့မွမ်းတယ်ရှင့်။ ဆန္ဒပြတဲ့ထဲမှာ ဘယ်နှစ်ကြိမ်ပါလဲ။ CDM ဘာလို့ လုပ်တာလဲ။ ဘယ်ပါတီကို မဲပေးခဲ့တာလဲ။ ဆွေမျိုးထဲမှာ တပ်မတော်ထဲ တာဝန်ထမ်းဆောင်နေတဲ့သူ ရှိလား။ ဆိုပြီး မေးပါတယ်။ ပြီးတော့ ကျမကို ရေခဲနဲ့ ငယ်ထိပ်တည့်တည့်ကို ရေစက်ချပြီးတော့ နှိပ်စက်တယ်။ မေးလိုက် ရိုက်လိုက်ပါပဲရှင့်။ ပြီးတော့ ဘယ်ဘက်နားအုံကို ဖြတ်ရိုက်တယ်။ သွေးတွေကျလာပြီး နားတဖက် ကန်းသွားတာ အခုအထိ ပြန်မကြားရတော့ပါဘူးရှင့်။ အဲ့သည်လောက်အထိ နှိပ်စက်ခံရပါတယ်။ စစ်တပ်ဟာ ဆရာ ဆရာမတွေအပေါ် မလေးစားဘူး။ တန်ကြေးလည်း မထားဘူး။ ဆရာဆရာမတွေကို ဆက်ဆံတာတွေက တိရစ္ဆာန်တကောင်ထက်တောင် ဆိုးရွားပါတယ်ရှင်။ ငရဲထက်တောင် ဆိုးပါတယ်။" လို့ ပြောပြပါတယ်။

ဆရာမများကိုဖမ်းဆီးစစ်ဆေးစဉ်လိင်ပိုင်းဆိုင်ရာစော်ကားသတ်ဖြတ်

CDM ဆရာမတဦးကလည်း စစ်ကောင်စီတပ်သားတွေရဲ့ လိင်ပိုင်းစော်ကားခံရပုံနဲ့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် ဆရာမတဦး အသတ်ခံခဲ့ရပုံကို အခုလို ငိုပြီးပြောပြပါတယ်။ " စစ်ကောင်စီ ထောက်လှမ်းရေးတွေက စစ်ကြောရေးမှာ ပညာရေး ဝန်ထမ်းတွေကို တန်ဖိုးမထားပါဘူး။ နောက်ဆုံး လိင်ပိုင်းဆိုင်ရာအထိ စော်ကားတာကို ကျမခံခဲ့ရတယ်။ ဖမ်းတဲ့စစ်ကားပေါ်ကို ရောက်ရောက်ခြင်း မျက်နှာကို ဖြတ်ရိုက်တယ်။ ညာဖက်ပါးမှာ အသားစတွေ ပြဲထွက်ကုန်တယ်။ ကျမက ငါလည်း မတရားတာ တခုမှ မလုပ်ခဲ့ပါဘူးကွယ်။ ငါတို့က ရာဇဝတ်မှု တရားခံပြေးလည်း မဟုတ်ဘူး။ အလုပ်မလုပ်ချင်လို့ နုတ်ထွက်တာ အပြစ်ရှိသလား။ အပြစ်မရှိဘဲနဲ့ ဘာလို့ဖမ်းတာလည်းလို့ မေးမိတာပါ။ အဲ့ဒါကို ညစ်ညစ်ညမ်းညမ်းတွေ ဆဲပြီးတော့မှ ကျမမျက်နှာကို ရိုက်ချလိုက်တာ။ မျက်နှာမှာ သွေးတွေကျနေလျှက်ကပဲ မျက်နှာကို အဝတ်နက်နဲ့စည်းပြီး ရွှေပြည်သာ စစ်ကြောရေးကို ခေါ်သွားတယ်။ စစ်ကြောရေးမှာ အိပ်ချိန်မပေးပဲ စစ်ဆေးတယ်။ ဖမ်းတဲ့စစ်တဲ့ အချိန်မှာ ရဲမေလည်း မပါဘူး။ ကျမ သူငယ်ချင်း ဆရာမဆိုရင် အရိုက်ခံရတယ်။ နှိပ်စက်ခံရတယ်။ လိင်ပိုင်းဆိုင်ရာ ကိုယ်ထိလက်ရောက် ကျူးလွန်ခံရတယ်။ နောက်ဆုံး သေသွားတယ်။ အဲ့ဒီဆရာမ နှလုံးဖောက် သေတယ်ဆိုပြီး မိသားစုကို ပြောတယ်။ ကျမနဲ့တလျောက်လုံး အချိန်တော်တော်ကြာ တွဲလုပ်ခဲ့တဲ့ ကျောင်းဆရာမဟာ အလောင်းပဲ ပြန်ရလိုက်ပါတယ်ရှင်။

ထမင်းပန်းကန်ထဲကိုတံတွေးထွေးထည့်ပြီးဆရာမများကိုကျွေးခြင်း

ကချင်ပြည်နယ်က CDM ဆရာမကတော့ သူ့ရဲ့ စစ်ကြောရေး အတွေ့အကြုံကို အခုလို ပြောပါတယ်။ "ကျမတို့ကို ရိုက် နှိပ်စက် လုပ်ချင်သလို လုပ်ပါတယ်။ စစ်ထောက်လှမ်းရေးတပ်သားတွေဟာ တိရစ္ဆာန်တွေထက် ဆိုးပါတယ်။ ကျမတို့ ဆရာမတွေကိုလည်း တိရစ္ဆာန်တွေလိုပဲ ဆက်ဆံပါတယ်။ ဥပမာ တခု ပြောရရင် ထမင်းကျွေးတဲ့အခါမှာ ထမင်းပန်ကန်ထဲကို တံတွေးထွေးထည့်ပြီး ကျွေးပါတယ်။ ပန်ကန်ကို ကမ်းပေးတဲ့ အချိန်မှာ ထွေးထည့်တာပါ။ ပြီးတော့ ခွေးတွေ သခင်တွေကို မှတ်မိအောင် ဒီလို တံတွေးထွေးထည့်ပြီး ကျွေးတာကွ ဆိုပြီး သူတို့ ပါးစပ်ကပါ သေသေခြာခြာ ပြောတာရှင့်။ သူတို့က ကျမတို့ ကျောင်းဆရာမတွေကို ပြုမူတာက တိရစ္ဆာန်တကောင်ကို ပြုမူတာထက်တောင် ဆိုးဝါးပါတယ်လို့ ဒီနေ့ အောက်တိုဘာ ၅ ရက် ကမ္ဘာ့ ဆရာများနေ့မှာ ပြောချင်ပါတယ်ရှင့်။"

အာစရိယဂိုဏ်သင့်ကြသူများ

ဘုရား တရား သံဃာ မိဘ ဆရာ အနန္တောအနန္တ ၅ ပါးကို ပြစ်မှား ကျူးလွန်မိသော် အလွန့်အလွန် အင်မတန် အပြစ်ကြီးမားတာကို ဗုဒ္ဓဘာသာဝင်တိုင်း သိကြပါတယ်။ ပိုမို သိလိုတာကြောင့် ကမ္ဘာ့ဆရာများနေ့မှာ နွေဦးတော်လှန်ရေးသံဃကွန်ရက်က ဆရာတော် အရှင်ကောဝိဒကို မေးမြန်း လျောက်ထားပါတယ်။ ဆရာတော်က " အနန္တငါးပါးထဲက ဆရာ ဆရာမတွေကို သတ်၊ ဖမ်း၊ ရိုက် နှက် နှိပ်စက်ရင် ပထမဆုံး ခံရမှာကတော့ နိုင်ငံတကာ ပညာရှင်တွေက ပြင်းပြင်းထန်ထန် ဝေဖန် ပြစ်တင် ပြောဆိုတာကို ခေါင်းမဖော်နိုင်အောင် ခံကြရလိမ့်မယ်။ ဒီတော့ စိတ်ဝေဒနာ ကြီးမားစွာ စွဲကပ်ကြလိမ့်မယ်။ ကိုယ့်တိုင်းပြည်ထဲက ပညာရှင်တွေ ပြည်သူတွေရဲ့ ကဲ့ရဲ့ ပြစ်တင်တာတွေလည်းခံကြရမယ်။ ဒါကြောင့်လည်း စိတ်ဝေဒနာ ကြီးမားစွာ စွဲကပ်ကြလိမ့်မယ်။ ဆရာ ဆရာမတွေကို သတ် နှိပ်စက်ခဲ့တဲ့ အပြစ်တွေကြောင့် သက်ဆိုင်ရာ ဥပဒေအရလည်း အရေးယူ ပစ်ဒဏ်ပေးခံကြရမယ်။ လက်ရှိက အာဏာရှိနေလို့ လက်နက်ကိုင်ထားလို့ အရေးယူမခံရသေးရင်လည်း နောင်တချိန် ဥပဒေစိုးမိုး လာချိန်မှာ ခံကြရမယ်။ ရှောင်လွှဲလို့ မရဘူး။ ဆရာ ဆရာမတွေကိုတောင် သတ် ဖမ်း နှိပ်စက်တဲ့ ကောင်တွေဆိုပြီး ရွံရှာ မုန်းတီး တော်လှန် တိုက်ဖျက်လိုသူတွေ တနည်းအားဖြင့် ရန်သူတွေ ပို ပိုများလာမယ်။ ကျောင်းသားတွေကို အတတ် ပညာတွေပေးမယ့် ဆရာ ဆရာမတွေကို သတ်ဖြတ် ညှဉ်းဆဲ ဖမ်းဆီးထားတာကြောင့်လည်း ပညာလမ်း ပိတ်သူတွေအဖြစ် ကျောင်းသား ကျောင်းသားမိဘ ဆွေမျိုးသားခြင်း အသိုက်အဝန်းတွေ ပါဝင်တဲ့ တတိုင်းပြည်လုံးရဲ့ ဆန့်ကျင်မှုဒဏ်ကြီးကို ခံကြရမယ်။ သေလွန်သည်၏ အခြားမဲ့မှာလည်း ဆရာသတ်သူ၊ အနန္တငါးပါးဝင် ဆရာ့ကံထိုက်သူတွေအဖြစ် ငရဲမှာ ကျခံရမှာ သေခြာပါတယ် ဒကာ။ ဆရာသတ်သူ အာဏာသိမ်း စစ်ကောင်စီဘက်သားတွေ အာစရိယဂိုဏ်းသင့်သူတွေရဲ့ သွားရာ လားရာလမ်းဟာ လမ်းကောင်းတော့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး။ " လို့ ကမ္ဘာ့ဆရာများနေ့မှာ မိန့်ဆိုသွားခဲ့ပါတယ်။ ။

မောင်တူး

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024