Home
ဆောင်းပါး
အင်ဒိုနီးရှားရဲ့ မြန်မာနိုင်ငံအပေါ် စံနှစ်မျိုးနဲ့ ဆက်ဆံရေး
DVB
·
October 7, 2023

မြန်မာနိုင်ငံတခုလုံး ဖရိုဖရဲနဲ့ ပဋိပက္ခတွေဖြစ်ပေါ်ခဲ့ရတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ မြန်မာစစ်တပ် အာဏာသိမ်းမှု ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း  အစိုးရပိုင် လက်နက်ထုတ်လုပ်ရေးလုပ်ငန်းတွေကနေ မြန်မာနိုင်ငံကို လက်နက်ကိရိယာတွေ တင်ပို့ရောင်းချနေကြောင်း စုံစမ်းတွေ့ရှိရပါက အင်ဒိုနီးရှားအတွက် အကြီးအကျယ် ဆုံးရှုံးနစ်နာစရာတွေ ရှိလာနိုင်ပါတယ်။

အင်ဒိုနီးရှားအစိုးရပိုင် PT Pindad, PT PAL and PT Dirgantara Indonesia (PTDI) အမည်ရ လက်နက်ထုတ်လုပ်ရေးလုပ်ငန်းတွေဟာ မြန်မာစစ်ကောင်စီဝန်ကြီးတဦးရဲ့ သားဖြစ်သူ ပိုင်ဆိုင်တဲ့ ကုမ္ပဏီကနေတဆင့် မြန်မာနိုင်ငံကို လက်နက်တွေ တင်ပို့ရောင်းချနေတယ်လို့ သံသယရှိတာကြောင့် စုံစမ်းစစ်ဆေးပေးဖို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက အင်ဒိုနီးရှားနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အမျိုးသားကော်မရှင်ရုံးကို အောက်တိုဘာလ ၂ ရက် တနင်္လာနေ့မှာ တိုင်ကြားခဲ့ကြပါတယ်။

အဲဒီတိုင်ကြားချက်ကို အင်ဒိုနီးရှားအစိုးရပိုင် လုပ်ငန်းသုံးခုလုံးက ငြင်းဆန်ခဲ့ကြပါတယ်။ သူတို့ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ ကာကွယ်ရေးဆိုင်ရာ လက်နက်ကိရိယာ ထုတ်လုပ်ရေးနဲ့ ကုန်သွယ်ရေးလုပ်ငန်း DEENCE ID ကလည်း ကုလသမဂ္ဂအထွေထွေညီလာခံမှာ ချမှတ်ခဲ့တဲ့ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေအားလုံး ရပ်တန့်ရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို အပြည့်အဝ ထောက်ခံအားပေးကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

အဖွဲ့ဝင်နိုင်ငံတွေအားလုံးကနေ မြန်မာနိုင်ငံကို လက်နက်တင်ပို့ရောင်းချခြင်းမလုပ်ဖို့ တားမြစ်ကန့်သတ်ချက်ကို အတည်ပြုဖို့အတွက် ၂၀၂၁ ခုနှစ်မှာ ကုလသမဂ္ဂက မဲခွဲဆုံးဖြတ်ဖို့ အဆိုပြုရာမှာ အင်ဒိုနီးရှားက ထောက်ခံမဲပေးခဲ့တာ ဖြစ်ပါတယ်။ အင်ဒိုနီးရှားဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီစနစ် ပြောင်းလဲရေး၊ ရိုဟင်ဂျာအရေး၊ အခုလက်ရှိ အာဏာသိမ်းပြီး နောက်ဆက်တွဲ ပဋိပက္ခတွေနဲ့ ပတ်သက်တဲ့ အရေးတွေ အပါအဝင် မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးတို့အတွက် နှစ်များစွာ ရှေ့တန်းကနေ ကြိုးပမ်းခဲ့တဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။

အင်ဒိုနီးရှားနဲ့ တခြားအာဆီယံနိုင်ငံတွေရဲ့ မြန်မာ့အရေးဖြေရှင်းမှု ဘယ်လောက် အောင်မြင်သလဲ ဆိုတာဟာ ဘယ်သူ့ကို မေးသလဲဆိုတာပေါ် မူတည်ပြီး ကွဲပြားနေမှာ ဖြစ်သော်လည်း မြန်မာနိုင်ငံ အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲ ပဋိပက္ခတွေကို ဖြေရှင်းရေးမှာတော့ အင်ဒိုနီးရှားဟာ လူ့ကျင့်ဝတ်နဲ့ညီတဲ့ ဖြေရှင်းနည်းကို ဖော်ဆောင်နိုင်ရေးအတွက် ခိုင်ခိုင်မာမာ ရပ်တည်ခဲ့တဲ့ နိုင်ငံအနည်းငယ်ထဲက တခုဖြစ်ပါတယ်။

တရားမဝင် လက်နက်ရောင်းချထောက်ပံ့နေတာ အပါအဝင် နည်းလမ်းပေါင်းစုံနဲ့ မြန်မာ့စစ်အာဏာရှင်တွေ တည်မြဲရေးကို ထောက်ပံ့နေတယ်လို့ စွပ်စွဲခံထားရတဲ့ နိုင်ငံတချို့လည်း ရှိနေပါတယ်။ နိုင်ငံတကာအစိုးရနဲ့ အဖွဲ့အစည်းတွေကနေ စီးပွားရေး ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ထားတဲ့ကြားက မြန်မာစစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက်ပိုင်း အမေရိကန်ဒေါ်လာ ၁ ဘီလီယံနဲ့ ညီမျှတဲ့ လက်နက်နဲ့ တခြား တိုက်ခိုက်ရေးသုံး ကိရိယာတွေကို ပြည်ပကနေ ဝယ်ယူတင်သွင်းခဲ့ကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးကျွမ်းကျင်သူက ပြီးခဲ့တဲ့မေလမှာ အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။

ရုရှားနဲ့ တရုတ်လို နိုင်ငံတွေက လိုအပ်တဲ့ပစ္စည်းတွေ ထောက်ပံ့ပေးနေချိန်မှာ မြန်မာစစ်အာဏာရှင်တွေ လက်နက်ဝယ်ယူနိုင်ခြင်းမရှိအောင် တားမြစ်ဖို့ နိုင်ငံတကာ အဖွဲ့အစည်းတွေက အများကြီး မလုပ်နိုင်ကြပါဘူး။

အာဆီယံအဖွဲ့ဝင် အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ စင်ကာပူနိုင်ငံမှာလည်း အလားတူပြဿနာတွေ ရှိနေပါတယ်။ သူ့နိုင်ငံသား လက်နက်ကုန်သည်က တရားဥပဒေနဲ့ ဆန့်ကျင်ပြီး မြန်မာနိုင်ငံကို စစ်ဘက်ဆိုင်ရာပစ္စည်းတွေ တင်ပို့ရောင်းချခဲ့တဲ့အပေါ်မှာ ပြစ်ဒဏ်ပေါ့ပေါ့ပါးပါးပဲ ချမှတ်ခဲ့ပါတယ်။

တကယ်လို့သာ အင်ဒိုနိးရှားအစိုးရပိုင် လက်နက်ထုတ်လုပ်ရေးလုပ်ငန်းတွေက မြန်မာနိုင်ငံကို အမှန်တကယ် လက်နက်ရောင်းချခဲ့တယ်ဆိုရင် အင်ဒိုနီးရှားအနေနဲ့ မြန်မာပြည်သူလူထုနဲ့ အာဏာသိမ်းယူထားတဲ့ စစ်အာဏာရှင်တွေကြားမှာ ငြိမ်းချမ်းရေးအတွက် ညှိနှိုင်းပေးမယ့် ကြားခံအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ မလွယ်တော့ပါဘူး။

အဖြစ်လာနိုင်ဆုံး အချက်ကတော့ မြန်မာအရေးနဲ့ပတ်သက်ပြီး အင်ဒိုနီးရှားရဲ့လုပ်ရပ်နဲ့ အပြောတွေဟာ ရှေ့နောက်မညီဘူးလို့ စွပ်စွဲခံရမှာ ဖြစ်ပါတယ်။ အင်ဒိုနီးရှား အစိုးရပိုင် လုပ်ငန်းတွေကနေ မြန်မာနိုင်ငံကို လက်နက်တွေ တင်ပို့ရောင်းချနေကြောင်း တွေ့ရှိရပါက အာဆီယံရဲ့ ဒေသတွင်းငြိမ်းချမ်းရေး သဘောတူညီချက် ၅ ချက်မှာ အကြမ်းဖက်မှု ချက်ချင်းရပ်တန့်ဖို့ မြန်မာစစ်တပ်ကို တောင်းဆိုနေတဲ့ အင်ဒိုနီးရှား သံတမန်တွေရဲ့ လုပ်ဆောင်ချက်တွေအပေါ်မှာ ယုံကြည်မှု လျော့ကျသွားကြမှာ ဖြစ်ပါတယ်။

အဲဒါသာမက အင်ဒိုနီးရှားနိုင်ငံရဲ့ ကာကွယ်ရေးနဲ့ နိုင်ငံခြားရေး အရာရှိတွေကို နိုင်ငံတကာနဲ့ စေ့စပ်ညှိနှိုင်းရာမှာ အစဉ်လိုက်နာရမယ့်မူအဖြစ် လေ့ကျင့်ပေးထားတဲ့ တရားဥပဒေကို လေးစားလိုက်နာရမည် ဆိုတဲ့ အင်ဒိုနီးရှားရဲ့ နိုင်ငံခြားရေးမူဝါဒအပေါ်မှာလည်း အကြီးအကျယ် ထိခိုက်စေမှာ ဖြစ်ပါတယ်။

နောက်ထပ်လည်း အင်ဒိုနီးရှားဟာ မြန်မာပြည်သူလူထုရဲ့ ယုံကြည်လေးစားမှုကို ဆုံးရှုံးလိုက်ရမှာ ဖြစ်ပါတယ်။ ရာဇဝင်မှာလည်း အုပ်ချုပ်ရေးပိုင်းကနေ ညင်သာစွာ နောက်ဆုတ်သွားခဲ့တဲ့ အင်ဒိုနီးရှားစစ်တပ်ရဲ့ လုပ်ရပ်ကို အတုယူဖို့ မြန်မာအစိုးရ ဌာနဆိုင်ရာ သင်တန်းတွေမှာ အင်ဒိုနီးရှားအစိုးရကို ရှေ့ဆောင်လမ်းပြ အစ်ကိုကြီးအဖြစ် စံထားလေ့လာမှုတွေ ရှိခဲ့ပါတယ်။

သို့သော်ငြားလည်း မြန်မာစစ်တပ်က အာဏာကို လုယူလိုက်ပြီးနောက်မှာတော့ အင်ဒိုနီးရှားဟာ ယုံကြည်အားထားရတဲ့ နိုင်ငံတကာမိတ်ဘက် အဖြစ်ကနေ တဖြည်းဖြည်း လျှောကျလာခဲ့ပါတော့တယ်။ အာဆီယံရဲ့ ဝင်ရောက်ကူညီမှုတွေကို လိုအပ်သည်ဖြစ်စေ၊ မလိုအပ်သည်ဖြစ်စေ မြန်မာစစ်အုပ်ချုပ်ရေးကို ဆန့်ကျင်သူတွေရဲ့ကြားမှာ သူ့ရဲ့လွှမ်းမိုးမှုကို အင်ဒိုနီးရှားက နောက်ထပ် ဆုံးရှုံးခံလို့ မဖြစ်တော့ပါဘူး။

နောက်တချက်ကတော့ အတိုက်အခံ နိုင်ငံရေးသမားတွေကို အကြမ်းဖက် သူပုန်တွေအဖြစ် သတ်မှတ်တာတွေ၊ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေကို ကာကွယ်ဖို့ ဂရုမစိုက်ဘဲ စစ်ဘေးဒဏ်သင့်စေတာတွေလို သူ့ရဲ့ပြည်သူတွေအပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် အကြမ်းဖက် နှိပ်စက်နေတဲ့ စစ်အာဏာရှင်တွေကို လက်နက်ရောင်းချနေခြင်းဟာ သူတို့ကို လူ့အခွင့်အရေး ချိုးဖောက်ခွင့်ရအောင် အားပေးကူညီနေတာပဲ ဖြစ်ပါတယ်။

လူ့အခွင့်အရေးအဖွဲ့တွေရဲ့ တိုင်ကြားချက်နဲ့ ပတ်သက်ပြီး အင်ဒိုနီးရှားနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အမျိုးသားကော်မရှင်ရုံးအနေနဲ့ ပွင့်လင်းမြင်သာစွာ စုံစမ်းစစ်ဆေးပြီး တရားဥပဒေကို လေးစားလိုက်နာတဲ့ အင်ဒိုနီးရှားအစိုးရ ဖြစ်စေရေးအတွက် ကူညီရမှာ ဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ရင် အင်ဒိုနီးရှားစစ်တပ်ရဲ့ ရာဇဝင်မှာ နောက်ထပ် အမဲစက်တခု ထင်ကျန်နေတော့မှာပဲ ဖြစ်ပါတယ်။

ဥဿာဆန်း

( The Jakarta Post သတင်းစာမှာ ရေးသားဖော်ပြထားတဲ့  “Double standards on Myanmar” အယ်ဒီတာအာဘော်ကို ဘာသာပြန်ဆိုဖော်ပြသည်။ )

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024