ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်အတွင်းမှာ ပြေးဆွဲနေတဲ့ အောက်ဆိုက်ကားတွေကို စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ အပါအဝင် မြို့နယ်မှူးနဲ့အဖွဲ့က အောက်တိုဘာ ၂ ရက်ကစပြီး ညနေပိုင်းတွေမှာ လိုက်လံဖမ်းဆီးနေတယ်လို့ မြို့ခံတွေဆီကတဆင့် သိရပါတယ်။
ဖမ်းဆီးခံရတဲ့ကားတွေအနေနဲ့ ရဲနဲ့ မြို့နယ်မှူးအဖွဲ့ကို ဒဏ်ကြေး ကျပ် ၁ သိန်းကနေ ၁ သိန်းခွဲအထိ မဖြစ်မနေ ပေးဆောင်ရပြီး ပိုက်ဆံမပါလို့ မောင်းပြေးရင်လည်း အနောက်က မြို့နယ်မှူးနဲ့ အတူပါလာတဲ့ သတင်းပေးတွေက လိုက်လံထိုးကြိတ်တယ်လို့ အောက်ဆိုက်ကား စပါယ်ယာတဦးက ပြောပါတယ်။
“ပိုက်ဆံက သူတို့ကို မပေးမနေရ ပေးရတယ်။ ပိုက်ဆံမပေးရင် ဖုန်းနဲ့ မှတ်ပုံတင်ကို သိမ်းထားပြီး ပိုက်ဆံ ၁ သိန်းနဲ့ လာရွေးခိုင်းတယ်။”
အခုလို ဖမ်းဆီးရာမှာ ကားကို ရပ်ခိုင်းတာမဟုတ်ဘဲ လမ်းဘေးနားကို ထိုးကျသွားအောင် အနောက်ကနေ ကားနဲ့တိုက်ဟန်ပြုပြီးမှ ရဲနဲ့ သတင်းပေးတွေက အင်အားသုံးပြီး ဖမ်းဆီးတာလို့ ကိုယ်တိုင်ဖမ်းဆီးခံခဲ့ရတဲ့ အောက်ဆိုက်ကား မောင်းနှင်သူတဦးက ပြောပါတယ်။
လှိုင်သာယာမြို့နယ်မှာ အခြေခံလူတန်းစားအများစု နေထိုင်ကြတာဖြစ်ပြီး YBS ယာဥ်လိုင်းအများစုကလည်း ညနေပိုင်းတွေမှာ ပြေးဆွဲတဲ့ ယာဥ်အစီးရေ နည်းပါးတာကြောင့် အောက်ဆိုက်ကားအများစုကိုပဲ အသုံးပြုနေရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဒါ့အပြင် လှိုင်သာယာမြို့နယ်အတွင်းမှာ အောက်ဆိုက်ကားတွေအပြင် သုံးဘီးဆိုင်ကယ်နဲ့ ဘေးတွဲဆိုင်ကယ်တွေကိုပါ နေ့စဥ် ဖမ်းဆီးနေတာဖြစ်ပြီး လှိုင်သာယာမြို့နယ်ရဲစခန်းမှာ ဒဏ်ကြေး ၈ သောင်းပေးရင် ပြန်လွှတ်ပေးနေတယ်လို့ သိရပါတယ်။
ရန်ကုန်မြို့မှာ YBS ယာဥ်အစီးရေ နည်းပါးလာတာနဲ့ CNG ဓာတ်ငွေ့ တန်းစီ စောင့်ဆိုင်းရတာတွေကြောင့် ခရီးသွားတွေအနေနဲ့ တရားမဝင် အောက်ဆိုက်ကားတွေကိုသာ စီးနင်းနေရတာဖြစ်ပြီး ပြီးခဲ့တဲ့ မတ် ၁၈ ရက်ကလည်း ရန်ကုန်မြို့ ခရေပင်လမ်းဆုံမှာ အောက်ဆိုက်ကားတစီး ဓားပြတိုက်ခံခဲ့ရပါတယ်။