Home
နိုင်ငံတကာ
အီရန် အမျိုးသမီး လူ့အခွင့်ရေးလှုပ်ရှားသူ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရ
DVB
·
October 6, 2023

၂၀၂၃ ခုနှစ်အတွက် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုကို ထောင်ဒဏ် ၁၂ နှစ် ကျခံနေရတဲ့ အီရန်နိုင်ငံက အမျိုးသမီး လူ့အခွင့်အရေးလှုပ်ရှားသူ နာဂျက်စ် မိုဟာမက်ဒီက ရရှိသွားပါတယ်။

အီရန်နိုင်ငံမှာ လူ့အခွင့်ရေး၊ လွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီရေးအတွက် သတ္တိရှိရှိနဲ့ တိုက်ပွဲဝင်ခဲ့သူ ဖြစ်တဲ့အတွက် ဂုဏ်ပြုတဲ့အနေနဲ့ ဆုရွေးချယ်ပေးအပ်တာလို့ နော်ဝေ နိုဘယ်လ်ဆု ရွေးချယ်ရေးကော်မတီက အောက်တိုဘာ ၆ ရက် ဒီကနေ့ ထုတ်ပြန်ကြေညာပါတယ်။

ဒီဆုံးဖြတ်ချက်ကြောင့် အီရန်အစိုးရအတွက် အမျက်ဒေါသထွက်စရာ ဖြစ်နိုင်ပေမဲ့လည်း ဆုချီးမြှင့်ရေးကော်မတီကတော့ မိုဟာမက်ဒီကို ပြန်လွှတ်ပေးဖို့အတွက် တိုက်တွန်းသွားပါတယ်။

အီရန်အမျိုးသမီး နာဂျက်စ် မိုဟာမက်ဒီဟာ အမျိုးသမီးအခွင့်အရေးနဲ့ သေဒဏ်ကို ဆန့်ကျင်ရေး လှုံ့ဆော်သူလည်း ဖြစ်ပါတယ်။

နော်ဝေနိုင်ငံရဲ့ နိုဘယ်ဆုကော်မတီ အကြီးအကဲဖြစ်သူကတော့ မိုဟာမက်ဒီကို “လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်သူတဦး” အဖြစ် ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။

အီရန်အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေရဲ့ ကြွေးကြော်သံတွေထဲက တခုဖြစ်တဲ့ “အမျိုးသမီး၊ ဘဝ၊ လွတ်လပ်မှု” ဆိုတဲ့ စကားလုံးတွေနဲ့အတူ ကော်မတီအကြီးအကဲဖြစ်သူက အဖွင့်မိန့်ခွန်း ပြောကြားခဲ့ပါတယ်။

“အီရန်နိုင်ငံမှာ အမျိုးသမီးတွေအပေါ် ဖိနှိပ်ကန့်သတ်မှုကို ဆန့်ကျင်တွန်းလှန်မှု အပါအဝင် လူသားအားလုံးအတွက် လူ့အခွင့်အရေးနဲ့ လွတ်လပ်မှု မြှင့်တင်နိုင်ဖို့အတွက် နာဂျက်စ် မိုဟာမက်ဒီရဲ့ ကြိုးပမ်းမှုတွေကြောင့် အခုလို ဆုချီးမြှင့်ဖို့ ဆုံးဖြတ်ခဲ့တာပါ” လို့ နိုဘယ်လ်ဆု ကော်မတီရဲ့ ဥက္ကဋ္ဌဖြစ်သူ ဘဲရစ် ရိုက်စ် အန်ဒါဆန်က မှတ်ချက်ပေးပါတယ်။

ဒါ့အပြင် အီရန်နိုင်ငံရဲ့ ခွဲခြားဆက်ဆံမှုနဲ့ အမျိုးသမီးတွေအပေါ် ဖိနှိပ်ကန့်သတ်မှုတွေကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ လူသိန်းပေါင်းများစွာအတွက် ဒီဆုနဲ့အတူ အသိအမှတ်ပြုမှု ဖြစ်တယ်လို့လည်း ရိုက်စ် အန်ဒါဆန်က ပြောကြားပါတယ်။

အီရန်မြို့တော် တီဟီရန်ရဲ့ အဲဗင်အကျဉ်းထောင်အတွင်း မိုဟာမက်ဒီဟာ စီရင်ချက်များစွာအတွက် ထောင်ဒဏ် ၁၂ နှစ်အထိ လက်ရှိမှာ ကျခံနေရတာပါ။ ဒါဟာ မိုဟာမက်ဒီအတွက် အကျဉ်းထောင်ထဲမှာ အကြိမ်ကြိမ် ထိန်းသိမ်းခံခဲ့ရတဲ့ ကာလအပိုင်းအခြားတွေထဲက တခုလည်း ဖြစ်တယ်လို့ Front Line Defenders အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းအရ သိရပါတယ်။

မိုဟာမက်ဒီအပေါ် တရားစွဲဆိုချက်တွေထဲမှာ နိုင်ငံတော်ကိုဆန့်ကျင်တဲ့ ဝါဒဖြန့်မှုလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

ဒီနှစ် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုအတွက် ရေပန်းစားသူတွေထဲမှာ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးနဲ့ ရုရှားအတိုက်အခံ အလက်ဇီနာဗယ်ညီတို့အပြင် အမျိုးသမီးတွေ၊ ဌာနေတိုင်းရင်းသားလူမျိုးတွေ၊ သဘာဝပတ်ဝန်းကျင်အတွက် လှုံ့ဆော်သူတွေ အများအပြား ပါဝင်ပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့  အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) တို့ကိုလည်း ၂၀၂၃ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်လ်ဆု နောက်ဆုံးဆန်ခါတင်စာရင်းမှာ နော်ဝေအခြေစိုက် ငြိမ်းချမ်းရေးသုတေသနအဖွဲ့ (PRIO) က ထည့်သွင်းထားပါတယ်။

အခုနှစ်ဟာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းရဲ့ ၇၅ နှစ်မြောက် နှစ်ပတ်လည်နေ့နဲ့ တိုက်ဆိုင်နေတာ ဖြစ်ပါတယ်။

Photo Credit-Nobel Prize

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024