ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ နာဇီရွာစက်ရုံစုရပ်ကွက်ရှိ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဌာနချုပ်အနီး အောက်တိုဘာ ၅ ရက် ည ၉ နာရီကျော်လောက်က ပစ်ခတ်မှုဖြစ်ပြီး အသက် ၅၀ ကျော်အရွယ် အမျိုးသားတယောက် သေဆုံးကာ သူ့ရဲ့ သမီးဖြစ်သူ ဒဏ်ရာရလို့ ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ထားရတယ်လို့ မျက်မြင်ဒေသခံတွေက ပြောပါတယ်။
မျက်မြင်တွေ့သူတဦးက "ပစ်ခတ်မှုဖြစ်တာက နာဇီရွာ စက်ရုံစုရပ်ကွက်မှာရှိတဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) အခြေစိုက်ရုံးနားမှာဖြစ်တာဗျ။ အိမ်ထဲကိုဝင်ပြီး ပစ်တာ အဖေဖြစ်သူကိုပစ်တာ။ သမီးပါထိသွားရတာ။ ဘယ်အဖွဲ့ကပစ်တာလဲတော့ မသိဘူးဗျ” လို့ ပြောပါတယ်။
သေဆုံးသူမှာ စက်ရုံစုရပ်ကွက်နေ ဦးမောင်ကျိုင်စိန် (၅၁) နှစ် ဖြစ်ပြီး သေနတ်နဲ့ ၅ ချက်အပစ်ခံရကာ ဆေးရုံအရောက် သေသွားဆုံးသွားခဲ့ရပါတယ်။
သူ့ရဲ့ သမီးဖြစ်သူဟာလည်း ခြေထောက်နဲ့ လက်မောင်းမှာ သေနတ် ဒဏ်ရာရသွားတယ်လို့ ရွှေရောင်မေတ္တာဖောင်ဒေးရှင်း တာဝန်ရှိသူက ပြောပါတယ်။
"ဖခင်ဖြစ်သူ ခန္ဓာမှာ သေနတ်ဒဏ်ရာ ၅ ချက်တွေ့ရတယ်။ ဝမ်းဗိုက်နဲ့ ဦးခေါင်းမှာ သေနတ်ထိမှန်သွားတော့ ဆေးရုံရောက်ပြီးမှ ဆုံးသွားရတာပါ။ သမီးဖြစ်သူကတော့ ခြေထောက်နဲ့ လက်မောင်းမှာ ဒဏ်ရာရပြီး ဆေးရုံတင်ထားရတယ်။”
ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ ရက်ကလည်း လွတ်လပ်ရေးနေ့အခမ်းအနားသို့ တက်ရောက်ပြီး ကားနဲ့ ပြန်လာကြတဲ့ ALP စစ်ဦးစီးချုပ်ဗိုလ်ချုပ်ခိုင်စိုးမြ၊ အမှတ် (၁၀၁) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ခိုင်ကျော်စိုးနဲ့ ဗိုလ်ကြီး ခိုင်သူရိန္ဒတို့ ALP ရုံးရှေ့မှာပဲ လုပ်ကြံသတ်ဖြတ်ခံရပါတယ်။
ဇူလိုင် ၁ ရက်ကလည်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီ/ ရခိုင်ပြည်လွတ်မြောက်ရေးတပ်ဖွဲ့ (ALP/ ALA) တပ်ဖွဲ့ဝင် သုံးယောက် သေဆုံးပြီး သုံးယောက် ဒဏ်ရာရရှိသွားခဲ့ပါတယ်။
စက်တင်ဘာ ၁၅ ရက်က မွန်းလွဲ ၁၂ နာရီကလည်း စစ်တွေမြို့လယ်မှာ အသက် ၄၀ အရွယ်ရှိ ALP ဗိုလ်မှူး ခိုင်စိုးလွင် ပြည်နယ်ဆက်သွယ်ရေးရုံးအနီးမှာ သေနတ်နဲ့ ပတ်ခတ် ခံရလို့ သေဆုံးသွား ပါတယ်။
အဆိုပါ ပစ်ခတ်မှုတွေနဲ့ ပတ်သက်ပြီး ဘယ်သူတွေ၊ ဘယ်အဖွဲ့အစည်းက ဘာကြောင့် ပစ်ခတ်တယ်ဆိုတာ မသိရသေးပါဘူး။
ဓါတ်ပုံ= ရွှေရောင်မေတ္တာဖောင်ဒေးရှင်း