Home
မြန်မာသတင်း
တောင်တွင်းကြီးတွင် ဆည်ရေလွှတ်နေသဖြင့် ရေထပ်ကြီးမည်ကို မြို့ခံများ စိုးရိမ်နေ
DVB
·
October 5, 2023

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့ရှိ မြို့ပေါ်ရပ်ကွက်တွေမှာ မိုးများပြီး ရေကြီးမှုတွေ ဖြစ်ပေါ်ခဲ့အပြီး ဆည်ရေတွေလွှတ်နေလို့ ရေထပ်တက်မှာကို ဒေသခံပြည်သူတွေ စိုးရိမ်နေတယ်လို့ သိရပါတယ်။

စက်တင်ဘာ ၂၇ ရက်က စတင်ပြီး တောင်တွင်းကြီးမြို့မှာ မိုးများပြီး ရေကြီးမှုတွေ ဖြစ်ပေါ်ခဲ့ကာ ရေကျသွားပေမဲ့ ဆည်ရေတွေလွှတ်နေတဲ့အတွက် နောက်ထပ် ရေတက်မှာကို စိုးရိမ်နေကြတယ်လို့ မြို့ခံတွေထံက သိရပါတယ်။

နေထိုင်သူတဦးက “မိုးပြတ်တာနဲ့ ရေက တန်းကျသွားတာ။ ဆည်ရေလွှတ်တော့ ရေက ပြန်တက်လာတယ်။ ဆည်ကျိုးတယ်သတင်းကြားလို့ အနိမ့်ပိုင်းရပ်ကွက်က လူတွေနဲ့ ရွာတချို့ကလူတွေ လမ်းပေါ် အထုပ်ပိုက်ပြီး နေရတယ်။ ညဘက် အိပ်ချိန် ရေလွှတ်မယ်ဆိုရင်တော့ အသက်အန္တရာယ် စိုးရိမ်ရလို့ အိမ်ထဲမှာ မနေရဲကြဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

စက်တင်ဘာ ၂၇ ရက်ကစတင်ကာ မိုးများပြီး တောင်ကျချောင်းရေတွေကြောင့် ရပ်ကွက်ကြီး ၆ ခုက နေအိမ်တွေအတွင်း ရေဝင်ရောက်ကာ ရေစီးနဲ့အတူ မျောပါပြီး အမျိုးသားတဦးလည်း သေဆုံးခဲ့ပါတယ်။

အောက်တိုဘာ ၂ ရက်နေ့မှာတော့ ရေကျသွားပေမဲ့ တောင်တွင်းကြီးမြို့အနီးရှိ ဆည် ၃ ဆည်က ရေတွေလွှတ်ခဲ့လို့ မြို့ပေါ်ရပ်ကွက်အတွင်း ထပ်မံရေဝင်ရောက်မှုရှိခဲ့လို့ ဒေသခံပြည်သူတွေ ရေကြီးမှု ထပ်ဖြစ်မှာကို စိုးရိမ်နေကြတယ်လို့ သိရပါတယ်။

တောင်ပြင် ၂ ရပ်ကွက်မှာ နေထိုင်သူတဦးက “ဆည်ကျိုးတဲ့သတင်းကြားတော့ ပြည်သူတွေ စိုးရိမ်ကြတာပေါ့။ ဆည်ကျိုးတာ မဟုတ်ဘူးတဲ့၊ ဆည်ရေများလို့ ဖောက်ချတာ။ ကျိုးမှာစိုးလို့ ဖောက်ချတဲ့သဘောပေါ့။ ပြည်သူကို အသိမပေးဘဲ အခုလိုလုပ်တော့ အရေးအကြောင်းဆိုရင် မလွယ်ဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

မိုးများပြီး ဆည်ရေဝင်ရောက်မှု များခဲ့တဲ့အတွက် ဘဘန်းကုန်းဆည်၊ ကင်ပွန်းတောင်ဆည်၊ ဇီးတောဆည်တွေက ဆည်ရေတွေ ဖောက်ချခဲ့ပြီး အောက်တိုဘာ ၃ ရက်က တောင်တွင်းကြီးမြို့ ရပ်ကွက်ကြီး ၆ ခုနဲ့ ညောင်ပင်လှရွာအတွင်း ရေဝင်ရောက်ပြီး ထပ်မံရေကြီးခဲ့တယ်လို့ သိရပါတယ်။

ဆည်ရေလွှတ်တာနဲ့ပတ်သက်လို့ တောင်တွင်းကြီးမြို့နယ် ဆည်မြောင်းရေးရာဝန်ကြီးဌာနကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေကြားခြင်း မရှိပါဘူး။

တောင်တွင်းကြီးမြို့နယ်အတွင်း ငမင်ရေလှောင်တမံ၊ ကင်ပွန်းတောင်ရေလှောင်တမံ၊ ဘန်းကုန်းရေလှောင်တမံနဲ့ ရန်ပယ်ရေလှာင်တမံဆိုပြီး ဆည်ကြီး ၄ ခုရှိပြီး ဇီးတောရေလွှဲဆည်နဲ့ စက်စက်ယိုရေလွှဲဆည် ၂ ခု ရှိပါတယ်။ အဲ့ဒီရေလှောင်တမံတွေနဲ့ ရေလွှဲဆည်တွေမှာ မိုးရေချိန်မြင့်တက်ပြီး ဆည်ကျိုးမှာ စိုးတဲ့အတွက် ရေတွေဖောက်ချနေတယ်လို့ သိရပါတယ်။

ရေကြီးမှုဖြစ်ပွားခဲ့ပြီး စပါးစိုက်ခင်းတွေ ပျက်စီးခဲ့သလို အိမ်မွေးတိရစ္ဆာန် ကျွဲ နွား ၁၅ ကောင်နဲ့ လူတဦး သေဆုံးခဲ့ပြီး တာဝန်ရှိအဖွဲ့အစည်းက ကယ်ဆယ်ရေးစခန်းများဖွင့်ပြီး ကူညီပေးတာမျိုးမရှိဘဲ မြို့ခံပရဟိတအသင်းတွေက အများပြည်သူ လှူဒါန်းတဲ့ငွေနဲ့ ရေဘေးဒုက္ခသည်တွေကို ထမင်းထုပ်တွေ ဝေငှပေးတာတော့ရှိတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024