Home
မြန်မာသတင်း
ကေအိုင်အေ ဌာနချုပ် လိုင်ဇာအနီးကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်
DVB
·
October 5, 2023

ကချင်လွတ်မြောက်ရေးတပ်မတော်  (ကေအိုင်အေ) ဌာနချုပ်ရှိရာ လိုင်ဇာအနီးက နမ်ဆန်ယန်နဲ့ လဂျားယန်ကြား လိုင်လွမ်အောင်ဂျာမှာ အောက်တိုဘာ ၄ ရက်က စစ်ကောင်စီတပ်က ၆ ကြိမ်လောက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေနဲ့  ကချင် ရှေ့တန်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

လိုင်လွမ်အောင်ဂျာ စစ်ကောင်စီတပ်စခန်းကို ကေအိုင်အေ ဘက်က ၄ ကြိမ်လောက် သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ထိခိုက်မှု များလာတာကြောင့် ည ၁၁ နာရီခွဲနဲ့ ၁၂ နာရီဝန်းကျင်ကြားမှာ တံတားဦးဘက်ကနေ ဂျက်ဖိုက်တာနဲ့ ၄ ကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့တာလို့ ကေအိုင်အေ ရှေ့တန်းသတင်းရင်းမြစ်တဦးက ပြောပါတယ်။

“စစ်ကောင်စီဘက်က အထိများပြီးတော့ တပ်စခန်းစွန့်ခွာရမယ့် အခြေအနေဖြစ်လို့ လေကြောင်းစစ်ကူ ပြန်ခေါ်တာ။ မနေ့ည ၈ နာရီနဲ့ ၁၀ နာရီကြားမှာ စစ်ကောင်စီဘက်က တော်တော်ထိလာလို့ လေကြောင်းစစ်ကူ ခေါ်ခဲ့တာ။”

ည ၁၂ နာရီကျော်၊ ၁ နာရီလောက်ထိ ပစ်ခတ်သံကြားရပြီး  ဒီမနက် ၄ နာရီမှာရော၊ ၈ နာရီခန့်ကရော လက်နက်ကြီးပစ်ခတ်သံ ကြားတယ်လို့ ဒေသခံ တယောက်က ပြောပါတယ်။

နောက်ထပ် ရှေ့တန်းသတင်းရင်းမြစ်တဦးကလည်း လိုင်လွမ်အောင်ဂျာနဲ့ ဘွမ်နွယ်တောင် တကြော ညနေ ၄ နာရီ ၅၀ နဲ့ ၅၄ မိနစ်ကြားမှာ မြစ်ကြီးနားက ဂျက်ဖိုက်တာ ၂ စီးနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး ညနေ ၆ နာရီ ၅၀ မိနစ်ကစ လိုင်လွမ်အောင်ဂျာ စစ်ကောင်စီတပ်နဲ့ KIA တို့အကြား တိုက်ပွဲ ပြင်းပြင်းထန်ထန် ဆက်လက်ဖြစ်ပွားခဲ့ကြောင်း ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂ ရက်ကလည်း လိုင်လွမ်အောင်ဂျာဘက် စစ်ကောင်စီတပ်နဲ့ ကေအိုင်အေ တို့အကြား တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် မြစ်ကြီးနားက တိုက်လေယာဉ် ၃ စီးနဲ့ မနက် ၈ နာရီ ၄၀ မိနစ်မှာ တကြိမ်၊ မနက် ၉ နာရီ ၉ မိနစ်မှာ တကြိမ်၊ မနက် ၉ နာရီ ၁၄ မိနစ်မှာ တကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာ ရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အဲဒီ အောက်တိုဘာ ၂ ရက် မနက် ၇ နာရီခွဲခန့်ကလည်း ဗန်းမော်မြို့သစ်အနီး နွမ်းလန့်ရွာအထက်က ပန်ဆတ်အနီး စစ်ကြောင်းထိုး လှုပ်ရှားလာတဲ့ စစ်ကောင်စီ ခမရ - ၄၃၈ တပ်ဖွဲ့နဲ့ ကေအိုင်အေ တပ်မဟာ ၅၊ တပ်ရင်း ၂၅ တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သေးတယ်လို့ ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024