Home
မြန်မာသတင်း
စစ်ကောင်စီ ကျူးလွန်သည့် အဓမ္မခိုင်းစေ ချိုးဖောက်မှုများ အကြောင်းမပြန်ပါက ICJ ထံလွှဲပေးမည်ဟု ILO ကြေညာ
DVB
·
October 5, 2023

မြန်မာစစ်အာဏာရှင်ဟာ လွတ်လပ်စွာအသင်းပင်းဖွဲ့စည်းမှုနဲ့ အဓမ္မအလုပ်ခိုင်းစေခိုင်းမှုဆိုင်ရာ ပြဋ္ဌာန်းချက်တွေကို ကျယ်ကျယ်ပြန့်ပြန့် ချိုးဖောက်နေတာစစ်ဆေးတွေ့ရှိရတယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO)ရဲ့ မြန်မာနိုင်ငံဆိုင်ရာ စုံစမ်းစစ်ဆေးရေးကော်မရှင်က ထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီလ ၂၀၂၁ အာဏာသိမ်းမှုနောက်ပိုင်း စစ်တပ်ရဲ့ လုပ်ဆောင်ချက်တွေကြောင့် မြန်မာနိုင်ငံမှာ ပြည်သူ့အခြေခံလွတ်လပ်ခွင့်တွေ၊ အလုပ်သမားအသင်းအဖွဲ့တွေရဲ့ အခွင့်အရေးတွေ ကန့်သတ်ပိတ်ပင်ခံနေရကြောင်းနဲ့  အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေ လှုပ်ရှားမှုတွေမှာ ပါဝင်နိုင်စွမ်းမရှိတော့အောင် ဖြစ်စေတယ်လို့  ILO စုံစမ်းရေးကော်မရှင်က  ကောက်ချက်ချထားပါ တယ်။

အဲဒီလို အပြုအမူတွေက လွတ်လပ်စွာ အသင်းပင်းဖွဲ့စည်းခြင်းနဲ့ စုဝေးခွင့်ဆိုင်ရာ ပြဋ္ဌာန်းချက် ၁၉၄၈ (အမှတ် ၈၇)  အရ၊ မြန်မာနိုင်ငံက လိုက်နာဖို့ရှိတဲ့ တာဝန်တွေကို ချိုး ဖောက်တာဖြစ်တယ်လို့ ဆိုပါတယ်။

လက်နက်ကိုင်ပဋိပက္ခအခြေအနေမှာ စစ်တပ်က ပုံစံမျိုးစုံနဲ့ အဓမ္မအလုပ်ခိုင်းစေမှုတွေကို အသုံးပြုနေတာကြောင့် မြန်မာနိုင်ငံဟာ အဓမ္မအလုပ် ခိုင်းစေမှုဆိုင်ရာ ပြဋ္ဌာန်းချက် ၁၉၃၀ (အမှတ် ၂၉)  အရ လိုက်နာဖို့ရှိတဲ့ တာဝန်တွေကို မလိုက်နာဘူးလို့ တွေ့ရှိသေးတယ်လို့ ပြောထားသလို အဓမ္မလုပ်အား၊ ဒါမှမဟုတ် မလုပ် မနေရခိုင်းစေမှုတွေ မဖြစ်ပွားအောင်တားဆီးတဲ့ လုံလောက်တဲ့ အပြစ်ပေးအရေးယူမှုတွေလည်း မရှိဘူးလို့ ဆိုပါတယ်။

မြန်မာစစ်အာဏာပိုင်တွေကို အဲဒီပြဋ္ဌာန်းချက်   နှစ်ခုကို စံတင်လောက်အောင် ချိုးဖောက်နေတာတွေကို ရပ်တန့်ဖို့နဲ့ နောက်ထပ်နှိပ်စက် ညှဉ်းပန်းမှုတွေကို တားဆီးဖို့အတွက် ချက်ချင်းအရေးယူ ဆောင်ရွက် ဖို့  ILO ကော်မရှင်က တိုက်တွန်းထားပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီးနောက် ဒီမိုကရေစီထောက်ခံတဲ့ ဆန္ဒထုတ်ဖော်ပွဲတွေကို နှိမ်နင်းဖိနှိပ်မှုတွေ ပြုလုပ်ချိန်မှာ  အိုင်အယ်လ်အိုကနေ အဆိုပါကော်မရှင်ကို ၂၀၂၂  ခုနှစ် မတ်လမှာ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

သမဂ္ဂခေါင်းဆောင်တွေကို အကြမ်းဖက်တာ၊ အခြေခံပြည်သူ့အခွင့်အရေးတွေကို ပြင်းထန်စွာနဲ့ ထပ်ဖန် တလဲလဲချိုးဖောက်တာ၊ အဓမ္မအလုပ်ခိုင်းစေမှုတွေ ပြန်လည်ဖြစ်ပွားတာတွေအပေါ် အကဲဖြတ်ဖို့ ဒီကော်မရှင်ကို တာဝန်အပ်နှင်းခဲ့တာလို ဆိုပါတယ်။

မတ်လ ၂၀၂၂ ခုနှစ်မှာ ဖွဲ့စည်းထားတဲ့ ဒီကော်မရှင်ဟာ ILOရဲ့ နှစ်ပေါင်း ၁၀၀ အတွင်းမှာ ၁၄ ကြိမ်မြောက်ဖွဲ့တဲ့ ကော်မရှင်ဖြစ်ပြီး ILOရဲ့ ကြီးကြပ်မှုယန္တရားတွေရဲ့ အမြင့်ဆုံးအဆင့်ကို ကိုယ်စားပြုပါတယ်။

ကော်မရှင်ရဲ့ အစီရင်ခံစာကိုတော့ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့ရှိ စစ်ကောင်ဩဇာခံ မြန်မာအမြဲတမ်းကိုယ်စားလှယ် အဖွဲ့ရုံးကို ပေးပို့ထားပြီးဖြစ်သလို မြန်မာနိုင်ငံအနေနဲ့ ဒီတိုက်တွန်းချက်တွေကို လက်ခံ မခံ ကြေညာဖို့၊ ဒါမှမဟုတ်ရင် ဒီကိစ္စကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)ဆီ ဆက်လက်လွှဲပြောင်းပေးဖို့ အဆိုပြုဖို့အတွက် အချိန်ကာလ ၃ လ ရရှိမယ်လို့လည်း ပြောထားပါတယ်။

စစ်တပ် အာဏာသိမ်းပြီးနောက် အလုပ်သမားတွေ လုပ်ခလစာ အပြည့်မရတာ၊ အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရတဲ့ ကိစ္စတွေမှာ အလုပ်သမားအဖွဲ့တွေ ထဲထဲဝင်ဝင် ကူညီခွင့် မရတော့ပါဘူး။ ဒါ့အပြင် စစ်ကောင်စီက အလုပ်သမားသမဂ္ဂ အဖွဲ့ဝင်တွေနဲ့ အလုပ်သမား လှုပ်ရှားသူ ရာနဲ့ချီ ဖမ်းဆီးထားပါတယ်။

မြန်မာနိုင်ငံမှာ  နိုင်ငံတော်အာဏာကို စစ်တပ်က မတရားရယူသိမ်းပိုက်ထားခဲ့တဲ့ ကာလဟာ ၂ နှစ်ခွဲနီးပါးထိ ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးစတဲ့ ကဏ္ဍတွေ အသီးသီးမှာ အဘက်ဘက်က ကျဆင်းနေခဲ့တာပါ။

စစ်တပ်ရဲ့ စီမံခန့်ခွဲမှုညံ့ဖျင်းမှုကြောင့် မြန်မာ့စီးပွားရေး မတည်မငြိမ်ဖြစ်ပြီး မှန်းဆမရ နိုင်တဲ့ အခြေအနေမှာ ငွေကြေးဖောင်းပွမှုနှုန်း မြင့်မားတာ၊ ဈေးနှုန်းတွေ တဟုန်ထိုး တက်တာ၊ လျှပ်စစ်မီး မကြာခဏပြတ်တောက်တာ၊ စားနပ်ရိက္ခာရှားပါးတာ၊ ဆေးရုံ ဆေးပေးခန်း စာသင်ကျောင်းတွေ ဗုံးကြဲ ဖျက်ဆီးခံရတာတွေစတဲ့ စိန်ခေါ်မှုတွေနဲ့ အခက်အခဲ များစွာကို ပြည်သူတွေ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။

အိုင်အယ်လ်အိုရဲ့ မြန်မာနိုင်ငံဆိုင်ရာ စုံစမ်းစစ်ဆေးရေးကော်မရှင်ကတော့ မြန်မာစစ်ဘက် အာဏာပိုင်တွေက အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေကို ပုံစံမျိုးစုံနဲ့ အကြမ်းဖက်မှုတွေ၊ ညှဉ်းပန်းနှိပ်စက်တာတွေနဲ့ တခြား လူမဆန်စွာ ပြုမူနေတာတွေကို ချက်ချင်းရပ်တန့်ဖို့၊ ဒါ့အပြင် ပုံစံမျိုးစုံနဲ့ အဓမ္မလုပ်အား ဒါမှမဟုတ် မလုပ်မနေရ အလုပ်ခိုင်းစေမှုတွေကို အဆုံးသတ်ဖို့လည်း တိုက်တွန်းထားပါတယ်။

Photo-ILO

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024