Home
မြန်မာသတင်း
ဘန်ကောက်ကုန်တိုက်ပစ်ခတ်မှု၌ သေဆုံးခဲ့သူ အမျိုးသမီး ၂ ဦးအတွက် နစ်နာကြေး ဘတ် ၂ သိန်းစီ ပေးအပ်မည်
DVB
·
October 5, 2023

ဘန်ကောက် ဆယမ်ပါရာဂွန် (Siam Paragon) ကုန်တိုက် ပစ်ခတ်မှုအတွင်း သေဆုံးခဲ့ရတဲ့သူ   နှစ်ဦးအတွက် နစ်နာကြေးအဖြစ် တစ်ဦးလျှင် ထိုင်းဘတ်ငွေ ၂ သိန်းစီ ပေးအပ်သွားမယ်လို့  ထိုင်း တရားရေးဝန်ကြီးဌာနကပြောတဲ့အကြောင်း ထိုင်းနိုင်ငံထုတ် သည်နေးရှင်းသတင်းစာမှာ ဖော်ပြပါတယ်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်၊ ပထုမ်းဝမ်းနယ်မြေ၊ ဆယမ်ပါရာဂွန် (Siam Paragon) ကုန်တိုက်ကြီးမှာ အောက်တိုဘာ ၃ ရက် ညနေပိုင်းက ထိုင်း ဆယ်ကျော်သက်လူငယ် တယောက်ရဲ့ သေနတ်နဲ့ ပစ်ခတ်မှုကြောင့် မြန်မာရွှေ့ပြောင်းလုပ်သား အမျိုးသမီးတယောက်နဲ့ တရုတ်နိုင်ငံသား အမျိုးသမီး တယောက်တို့ သေဆုံးသွားတာဖြစ်ပါတယ်။

ဒီပစ်ခတ်မှုမှာ သေဆုံးခဲ့ရသူတွေအတွက် နစ်နာကြေးအဖြစ် တစ်ဦးကို ထိုင်းဘတ်ငွေ နှစ်သိန်းစီ ပေးဆောင်သွားမှာဖြစ်လို တခြားထိခိုက်ပျက်စီးမှုတွေအတွက်ကိုလည်း အမှုတစ်ခုချင်းစီ စစ်ဆေးပြီး နစ်နာကြေးပေးဆောင်သွားမယ်လို့  ထိုင်းနိုင်ငံ တရားရေးဝန်ကြီးဌာနမှ ဆာခိုလ်ဖတ်ကီဒမ်ရွန်ဆတ်ခ်က ပြောပါတယ်။

ထိခိုက်နစ်နာသူတွေဟာ နစ်နာကြေးအတွက် ထိုင်းဘတ်ငွေ ၄၀၀၀၀ နဲ့ ပြန်လည်ပျိုးထောင်ရေး အတွက် ထောက်ပံ့ကြေးဘတ် ၂၀၀၀၀ အများဆုံးရရှိနိုင်တယ်လို့ယူဆကြောင်း သူကပြောပါတယ်။

ထိခိုက်နစ်နာမှုကြောင့် အလုပ်မဆင်းနိုင်သေးတဲ့သူတွေတွက် တစ်ရက်ကို ထိုင်းဘတ်ငွေ ၃၅၃ ဘတ်နဲ့ တစ်နှစ်ထက်မပိုတဲ့ ကာလအတွက် နစ်နာကြေးရရှိမှာဖြစ်တယ်လို့လည်း ထိုင်းတရားရေးဌာနက ပြောပါတယ်။

ဒီပစ်ခတ်မှုမှာ သေဆုံးသွားတဲ့ မြန်မာအမျိုးသမီး မမိုးမြင့်နဲ့  တရုတ်ခရီးသွားမျိုးသမီးတစ်ဦးတို့ရဲ့ ရုပ်အလောင်းတွေကိုတော့ သူတို့ရဲ့ဆွေမျိုးတွေက ထိုင်းနိုင်ငံ ရဲအထွေထွေဆေးရုံကြီးမှာ အောက်တိုဘာလ ၄ ရက်က လာရောက်ထုတ်ယူသွားခဲ့ကြပါတယ်။

သေဆုံးခဲ့သူမြန်မာအမျိုးသမီးရဲ့ ဆွေမျိုးတွေဟာ မနေ့မွန်းလွဲပိုင်းမှာ ရုပ်အလောင်းကိုထုတ်ယူဖို့ ရောက်ရှိလာခဲ့ကြပြီး သတင်းထောက်တွေရဲ့မေးမြန်းမှုကို ဖြေကြားဖို့တော့ ငြင်းဆန်ခဲ့ကြပါတယ်။

ရုပ်အလောင်းကိုစစ်ဆေးချက်အရ သေဆုံးခဲ့သူမြန်မာအမျိုးသမီးရဲ့ အဆုတ်နဲ့နှလုံးကို ကျည်ဆန်ဖောက်ဝင်သွားခဲ့တာဖြစ်ကြောင်း သိရှိရပါတယ်။ သေဆုံးခဲ့သူ မြန်မာအမျိုးသမီးအတွက် ထိုင်းနိုင်ငံရဲတပ်ဖွဲ့ရဲမှူးက အခေါင်းလှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။

သေဆုံးခဲ့သူ မြန်မာအမျိုးသမီးဟာ ချစ်ခင်နှစ်လိုဖွယ်ကောင်းပြီး မြန်မာ၊ ထိုင်း၊ တရုတ်နဲ့ အင်္ဂလိပ်ဘာသာစကားတွေကို ကျွမ်းကျင်စွာ ပြောဆိုနိုင်သူဖြစ်တယ်လို့ သူ့ရဲ့အလုပ်ရှင်က အစောပိုင်းမှာ ပြောခဲ့ပါတယ်။

သူဟာ လစာကောင်းကောင်းရသူတစ်ဦးဖြစ်ပြီး လစဉ်လတိုင်း ထိုင်းဘတ်ငွေ ၁၀၀၀၀ လောက်ကို မြန်မာနိုင်ငံမှာရှိတဲ့ သူ့ရဲ့မိသားစုထံ ပေးပို့ထောက်ပံ့နေသူဖြစ်ကြောင်းနဲ့ သူအသက်ရှင်နေ တုန်းကလိုပဲ သူ့ရဲ့မိသားစုကို လစဉ်လတိုင်း  ဆက်လက်ထောက်ပံ့ပေးသွားမယ်လို့လည်း အလုပ်ရှင်က ပြောပါတယ်။

မြန်မာအမျိုးသမီးရဲ့ မိသားစုတွေ ပြန်သွားကြပြီးနောက်မှာ တရုတ်ခရီးသွားအမျိုးသမီးရဲ့ မိသားစုတွေဟာ ရုပ်အလောင်းပြန်လည်သယ်ယူဖို့ ရောက်ရှိလာခဲ့ကြပါတယ်။

အဲဒီအမျိုးသမီးရဲ့ ရုပ်အလောင်းကို ပြန်လည်သယ်ယူဖို့ သူ့ရဲ့ဆွေမျိုးတွေက စိတ်မဝင်စားခဲ့ကြောင်း အစောပိုင်းမှာသတင်းတွေထွက်ခဲ့ပြီး သူ့ရဲ့သေဆုံးမှုအကြောင်းကို သတင်းအကျယ်တဝင့်မ ရေးဖို့ သတင်းထောက်တွေ တားမြစ်ခံထားရတယ်လို့ ထိုင်းသတင်းမှာ ရေးသားဖော်ပြပါတယ်။

Source- The Nation/Photo- Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024