Home
မြန်မာသတင်း
မုံရွာအုပ်ချုပ်ရေးမှူးနှင့် လုံခြုံရေးအဖွဲ့ ပစ်ခတ်ခံရ၊ ယင်းမာပင်၊ ဆားလင်းကြီး၊ ဂန့်ဂေါနှင့် မြိုင် မြို့နယ်တို့တွင် တိုက်ပွဲဖြစ်
DVB
·
October 5, 2023

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ နတ်လူထိပ္ပန်ရပ်ကွက်၊ မုံရွာ-မန္တလေးလမ်းမကြီး၊ New Day ဆီဆိုင်အနီးရှိ စစ်ကောင်စီဂိတ်စခန်းမှ အိမ်စီးကားနဲ့ထွက်လာတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရတာကြောင့် ၃ ဦးသေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ မြို့ခံတွေနဲ့ ‌နယ်မြေခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

အောက်တိုဘာ ၄ ရက် မနက် ၉ နာရီခွဲလောက်က ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့ဝင်တွေက အုပ်ချုပ်ရေးမှူးကားနဲ့ ထွက်လာချိန်မှာပဲ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

Golden Eagle Force-Monywa တာဝန်ခံ ကိုလင်းယုန်က “အဲ့ဒီအုပ်ချုပ်ရေးမှူး ဂိတ်ကို ရောက်နေတဲ့အချိန် အပြန်ကို စောင့်ပစ်ခဲ့တာ။ အဲ့ဒီဂိတ်က အရင်လကမှ စကစတွေ ဂိတ်လာချပြီး ဖြတ်သွားဖြတ်လာတဲ့ ပြည်သူတွေဆီက ဆက်ကြေးကောက်နေတာ။ ဖုန်းနဲ့ တခြား စစ်ဆေးမှုတွေလည်း အကျပ်ကိုင် လုပ်ဆောင်တာတွေလည်း ရှိတယ်။ အုပ်ချုပ်ရေးမှူးက မြို့ပေါ်မှာရှိတဲ့ လုပ်ငန်းရှင်တွေနဲ့ လောင်းကစားသမားတွေဆီက ရဲနဲ့ပေါင်းပြီး လိုင်းကြေးကောက်နေတာ။ သူက လူငယ်တွေကိုလည်း ဖမ်းဆီးခိုင်းတာတွေ၊ ရဲသတင်းပေးအနေနဲ့ လုပ်နေလို့ အခုလို တိုက်ခိုက်ခဲ့တာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ပစ်ခတ်တိုက်ခိုက်ခံရလို့ နတ်လူထိပ္ပန်ရပ်ကွက် အုပ်ချုပ်ရေးမှူး ‌ဦးအေးမြတ် အသက် ၅၃ နှစ်နဲ့ ရဲတပ်ဖွဲ့ဝင် ၂ ယောက် ဆေးရုံအရောက်မှာပဲ သေဆုံးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

အခုတိုက်ခိုက်မှုကို Golden Eagle Force-Monywa တပ်ဖွဲ့နဲ့ ပုဏ္ဏက ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

စက်တင်ဘာ ၂၉ ရက်ကလည်း မုံရွာမြို့ ညောင်ပင်သာရပ်ကွက်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်တွေက အနီးကပ် ဝင်ရောက်ပစ်ခတ်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာ ၄ ရက်‌ မနက် ၁၀ နာရီ‌ကျော်ကလည်း စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ မတောင်းတရွာနဲ့ ဘိုက်သရက်ရွာကြားမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံတော်လှန်ရေး အင်အားစုအဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ စစ်ကောင်စီတပ်ဟာ ဆားလင်းကြီးမြို့ကနေ အင်အား ၃၀၀ နီးပါးခန့် လိုက်ပါလာကာ စစ်ကား ၁၇ စီးနဲ့အတူ ပုလဲမြို့နယ်ဘက်ကို စစ်ကြောင်းထိုးနေတာလို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒေသခံတဦးက “ကျနော်တို့ ဒေသခံတွေက ဆားလင်းကြီးမြို့က‌နေ စစ်ယာဉ်တန်း စထွက်လာကတည်းက အကုန်နေရပ်စွန့်ခွာနေရတာ။ သူတို့ ဆားလင်းကြီးမြို့ထဲကနေ အောက်တိုဘာ ၃ ရက်‌က စထွက်လာတယ်။ သူတို့ထွက်ပြီး သိပ်မကြာဘူး ကာကွယ်ရေးအဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်တာ အပျက်အစီး အသေဆုံးတွေ ရှိခဲ့တယ်။ အဲဒါပြီးတော့ သူတို့ ရွှေသမင်ရွာမှာ ညအိပ်ပြီး ဒီနေ့မနက်ခင်းမှာ တိုက်ပွဲဖြစ်ပြီး လေယာဉ်နဲ့လာပစ်တာ” လို့ ပြောပါတယ်။

နမခစစ်တပ်ကနေ Mi35 အမျိုးအစား လေယာဉ်နဲ့ လာရာက်ပစ်ခတ်တာလို့ ဒေသခံ ကာကွယ်ရေးခေါင်းဆောင်တွေက ပြောပါတယ်။

ဒေသခံ BNRA တပ်ခွဲမှ ရဲဘော်ဖြူသီးက “တိုက်ပွဲကတော့ ဒေသခံအဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်တာ ဟုတ်ပါတယ်။ ကိုယ့်နေရာ၊ သူ့နေရာကနေ စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲကြတာပေါ့။ ကျနော်တို့ကတော့ စနိုက်ဘာနဲ့ ပစ်တာရှိသလို မိုင်းဆွဲတာတွေလည်း လုပ်ခဲ့တယ်ဗျ။ တိုက်ပွဲဖြစ်တာက မနက်ခင်း ၁၀ နာရီခွဲက စဖြစ်တာ။ လေယာဉ်က ၁၁ နာရီနီးပါးက လာပစ်တာ။ တိုက်ပွဲကတော့ (--)ယာဉ်တန်းကတော့ အထိအခိုက် အကျအဆုံး ရှိနိုင်တယ်။ ရှိလို့လည်း လေယာဉ်နဲ့ လာပစ်တာ။ ဒေသခံတွေက မနေ့က မနက်ခင်းပိုင်းကတည်းက ရွာလုံးကျွတ် အကုန်ရှောင်နေကြတော့ လေယာဉ်နဲ့လာပစ်လည်း တစုံတရာ ထိခိုက်တာ မရှိခဲ့ဘူး။ တိုက်ပွဲကတော့ အခုထိ တင်းမာနေဆဲဖြစ်တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

အဆိုပါ စစ်ကောင်စီယာဥ်တန်းနဲ့ မြန်မာ့တော်ဝင်နဂါးစစ်ကြောင်း အပါအဝင် ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

အဆိုပါ စစ်ကောင်စီယာဉ်တန်းမှာ မိုးကာအလုံအုပ်ထားတဲ့ ရိက္ခာတင်ကုန်ကား ၈ စီး၊ ဂျန်ပါကား ၅ စီး၊ လက်နက်ခဲယမ်းတင်ကား ၄ စီးနဲ့ ပုလဲမြို့ဘက်ကို စစ်ကြောင်းထိုးနေတာကြောင့် ပြည်သူ ထောင်နဲ့ချီ စစ်ဘေးရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ လမ်းကြေးကောက်ခံနေတဲ့ ရဲကင်း တိုက်ခိုက်ခံခဲ့ရပြီး ရဲအရာရှိ ၃ ဦး သေဆုံးခဲ့ကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ယင်းမာပင်မြို့နယ် ချိုမိုင်မိုင် မဟာမိတ်တပ်ပေါင်းစုဆီက သိရပါတယ်။

အောက်တိုဘာ ၃ ရက် မနက် ၆ နာရီလောက်က ယင်းမာပင်မြို့နယ် မုံရွာ-ပုသိမ်လမ်းဆုံအနီး အောက်ဇေယျကုန်း၊ စစ်ကောင်စီတပ်သားတွေ ခိုနားရာ သီတဂူကျောင်း၊ ရဲတပ်ရင်း ၂၈ ကြား ခန့်မှန်း စစ်ကောင်စီတပ်သားအင်အား ၁၀၀ ခန့်ရှိတဲ့ ပွိုင့် ၃ ခုကြားကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ယင်းမာပင်မြို့နယ် ချိုမိုင်မိုင်မဟာမိတ်တပ်ပေါင်းစုမှ ကွန်မန်ဒိုတပ်သား ၇ ဦးက တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒုရဲအုပ် ၁ ဦး၊ ရဲတပ်ကြပ် ၂ ဦး နေရာမှာသေဆုံးခဲ့ပြီး G3 သေနတ် ၂ လက်၊ အူဇီသေနတ် ၁ လက် သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

ချိုမိုင်မိုင်မဟာမိတ်တပ်ပေါင်းစု တာဝန်ရှိသူက “ပြည်သူတွေရဲ့ ကားတွေဆီကနေ အမြဲငွေညှစ်နေတဲ့ကောင်တွေပါ။ တြိဂံနယ်မြေမှာ မစ်ရှင်လုပ်ရတာ မလွယ်ပါဘူး။ သူတို့ဘက်က ဝိုင်းပစ်ကြတာ၊ တိုက်ခိုက်မှုမှာ ကျနော်တို့ဘက်က အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပါတယ်” လို့ ပြောပါတယ်။

ချိုမိုင်မိုင်မဟာမိတ်တပ်ပေါင်းစုအနေနဲ့ ယင်းမာပင်မြို့နယ်အတွင်း စစ်ရေးအရှိန်မြှင့်တင်မှာ ဖြစ်တဲ့အတွက် ပြည်သူတွေ ပူးပေါင်းပါဝင် ကူညီပေးဖို့ တောင်းဆိုထားပါတယ်။

အောက်တိုဘာ ၃ ရက်ကလည်း မကွေးတိုင်း မြိုင်မြို့နယ်မှာ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး အရာရှိတယောက် အပါအဝင် ၄ ယောက်သေဆုံး၊ အများအပြား ဒဏ်ရာရရှိခဲ့ပြီး PDF ရဲဘော် ၅ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင်မြို့နယ် ပကဖကနေ သိရပါတယ်။

မြိုင်မြို့နယ် ကိုင်းတောမရေစက်စောင့်တဲ့ စစ်ကောင်စီတပ်သားတွေ အောက်တိုဘာ ၃ ရက် မနက် ၁၁ နာရီခွဲလောက်က ဆုံကုန်းကျေးရွာဘက်ကို ထွက်လာတဲ့အချိန် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက မိုင်းတွေ၊ လက်နက်ငယ်တွေနဲ့ တိုက်ခိုက်ခဲ့တာလို့ မြိုင်မြို့နယ်ပကဖရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုသုခက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ဗိုလ်အဆင့်ရှိသူတယောက် အပါအဝင် ၄ ယောက် သေဆုံးပြီး အများအပြား ဒဏ်ရာရရှိကာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ကတော့ ရဲဘော် ၅ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒဏ်ရာရရှိခဲ့တဲ့ စစ်ကောင်စီတပ်သားတွေကို လာသယ်တဲ့ စက်မှု ၂ က စစ်ကောင်စီ ကားတစီးကိုလည်း ပေပါမိုင်း အပါအဝင် ပဒေသာမိုင်း ၈ လုံးနဲ့ ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။

တိုက်ခိုက်မှုတွေကို မြိုင်ပကဖ တပ်ရင်း ၁ နဲ့ ၃၊ MUGDF၊ TYK၊ ပခုက္ကူခရိုင်တပ်ရင်း ၂၊ မုန်တိုင်းတပ်ဖွဲ့နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်‌မြောက်ပိုင်း တောင်ခင်ရန်းကျေးရွာ၊ နယ်မြေရဲကင်းစခန်းကို အောက်တိုဘာ ၂ ရက် ညက ဂန့်ဂေါဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့ရာကနေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဂန့်ဂေါဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။ 

“သူတို့ဘက်က လက်နက်ကြီး ၄၀၊ ၆၀၊ ၁၂၀ မမတွေနဲ့ ပစ်တာ။ ကျနော်တို့ရဲဘော်တွေလည်း ခုခံပစ်ခဲ့တယ်။ ကျနော်တို့ ဒရုန်းနဲ့ ဗုံးသီးချတုန်းက သူတို့ဘက်က ထိခိုက်မှုရှိနိုင်တယ်။ အတည်တော့ ပြုလို့မရသေးဘူး။ ကျနော်တို့ဘက်တော့ အထိအခိုက်မရှိခဲ့ဘူး။”

လတ်တလော ဂန့်ဂေါနယ်မှာ စစ်ကောင်စီနဲ့ ဒေသခံ ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေ မကြာခဏဖြစ်နေပြီး စစ်ကောင်စီက လေကြောင်းပစ်ကူတွေ အသုံးပြုနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာ ၂၃ ရက်နဲ့ ဩဂုတ် ၁၃ ရက်ကလည်း အိမ်ခြေ ၁,၀၀၀ ဝန်းကျင်ရှိတဲ့ တောင်ခင်ရန်းရွာက ဒေသခံနေအိမ် ၁၄ လုံးကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။

တိုက်ပွဲဖြစ်စဉ်တွေမှာ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးအခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024