Home
နိုင်ငံတကာ
ချင်းမိုင်တွင် မုန်လာထုပ်တင် ကားထဲက  စိတ်ကြွမူးယစ်ဆေးများ သိမ်းဆည်းရမိ 
DVB
·
October 3, 2023

ထိုင်းမြောက်ပိုင်း၊ ချင်းမိုင်မြို့လယ်ခေါင်မှာ မုန်လာထုပ်တွေ အပြည့်တင်ဆောင်လာတဲ့ ကား  တစီးထဲကနေ စိတ်ကြွဆေးပြား ၆ သန်းနဲ့ အိုက်စ်မူးယစ်ဆေး ၃၀ ကီလိုဂရမ် ဖမ်းဆီးရမိတယ်လို့  ချင်းမိုင်ခရိုင်ဝန်နဲ့ တာဝန်ရှိသူတွေက  အောက်တိုဘာ ၂ ရက်မှာ သတင်းစာရှင်းလင်း ပြောပတယ်။ 

ဒီမတိုင်ခင်ရှေ့က ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးအမှုတွေရဲ့ ကွင်းဆက်တွေကို လိုက်လံစုံ စမ်းနေရာမှာ နယ်မြေထဲမူးယစ်ဆေးဝါးအချီကြီး ထပ်သယ်လာမယ်လို့ ကြိုတင်သတင်းရခဲ့တာကြောင့် မသင်္ကာတဲ့ကားတွေနောက်ကို ရဲက  နောက်ယောင်ခံ လိုက်ခဲ့တာပါ။

စက်တင်ဘာ ၃၀ ရက်ညမှာတော့ ချင်းမိုင်မြို့လယ်၊ ချန့်ဖိုတ်ရပ်ကွက်၊ ချိုးတနားလမ်း မီးပွိုင့်နားမှာ မုန်လာထုပ်တွေ အပြည့်တင်ဆောင်လာတဲ့ မီးခိုးရောင် အီဇူးစူးဟိုင်းလပ်စ်ကား တစီးကို တားဆီးပြီး ချန့်ဖိုတ်ရဲစခန်းမှာ သွားရောက်စစ်ဆေးခဲ့တယ်လို့ အမှတ် ၅ ခရိုင် မူးယစ်ရဲတပ်ဖွဲ့မ ရဲမှူးကြီး ကရစ်ထာဖွန်း ယိဆာခွန်းက ပြောပါတယ်။

ရှာဖွေစစ်ဆေးချက်အရ မုန်လာထုပ်တွေအောက်မှာ ဝှက်လာတဲ့ စိတ်ကြွဆေးပြား ၆ သန်းနဲ့ အိုက်စ်မူးယစ်ဆေး အလေးချိန် ၃၀ ကီလိုဂရမ်ကို ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။ 

ယာဉ်မောင်းသူ နိုင်းဘွန်းကော် ခေါ် ဘွိုင်း (အသက် ၂၀ နှစ်)ရဲ့ ဖွင့်ဟဝန်ခံချက်အရ သူဟာ အဲဒီကားကို ချင်းမိုင်ခရိုင်၊ ချိန်းဒေါင်းမြို့နယ်၊ ထုန့်ခေါက်ဖုန်းကျေးရွာအုပ်စုဘက်က မောင်းနှင် လာကြောင်း၊ အခုလို မူးယစ်ဆေးတင်ဆောင်ထားတဲ့ကားကို အငှါးမောင်းပေးခဲ့တာ ခုတစ်ခါ ပါဆိုရင် ၄ ကြိမ်ရှိသွားပြီဖြစ်ပြီး  ပထမနဲ့ ဒုတိယအကြိမ်တုန်းက ပထုန်ဌာနီ တလတ်ထိုင်းကို ပို့ပေးခဲ့တယ်၊ တတိယအကြိမ် အယုဒ္ဓယခရိုင်နဲ့ ခုတကြိမ်လည်း အယုဒ္ဓယကို ပို့ပေးဖို့ဖြစ်တယ်၊ သူ့တာဝန်က ချိန်းဆိုတဲ့နေရာရောက်ရင် သော့တန်းလန်းနဲ့ကားကို ထားခဲ့ရပြီး တဘက်လူက လာမောင်းသွားတယ်၊ သယ်ပို့ခအနေနဲ့ တကြိမ်လျှင် ဘတ် ၅ သိန်းမှ ၁ သန်းထိ ရတယ်လို့ ဖွင့်ဟဝန်ခံသွားပါတယ်။

နိုင်းဘွန်းကော်အားစစ်ဆေးပြီးတဲ့နောက် တာဝန်ရှိသူတွေဟာ နောက်ထပ်ဆက်စပ်တရားခံ တစ်ဦးဖြစ်တဲ့ နိုင်းဆုမ်ဆဒ် ဆိုသူ လိရှောအမျိုးသား တယောက်ကို ဖမ်းဝရမ်းထုတ်ထားပြီး သူ့ရဲ့ နေအိမ်နဲ့ ခြံဝင်း၊ မော်တော်ကား နှစ်စီးနဲ့ ရွှေထည်လက်ဝတ်လက်စားတချို့ပါ စုစုပေါင်း ဘတ် ၅ သန်းတန်ဖိုးရှိ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းလိုက်တယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

Source: ChiangMaiNews

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024