Home
မြန်မာသတင်း
ဆားလင်းကြီး၊ ပေါက်၊ ရွှေကူမြို့နယ်တို့တွင် စစ်ယာဉ်တန်းနှင့်ရဲကင်းစခန်း မိုင်းဆွဲတိုက်ခိုက်ခံရ
DVB
·
October 3, 2023

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့ကိုလာတဲ့ စစ်ကောင်စီ ယာဉ်တန်းကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်တွေက ပေါင်းဝကျေးရွာမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ၁ စီးပျက်စီးခဲ့တယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ချင်းတွင်းမြစ်အတိုင်း ရေကြောင်းကလာခဲ့ပြီးနောက် ဆားလင်းကြီးမြို့ကို ကား ၁၇ စီးပါ ယာဉ်တန်းနဲ့လာစဉ် အောက်တိုဘာ ၂ ရက်နေ့  ညနေ ၄ နာရီခွဲမှာ မိုင်း ၁၀ လုံးဆွဲပြီး တိုက်ခိုက်ခဲ့ကြတယ်လို့ One Star Task Force တာဝန်ခံက ပြောပါတယ်။

“ကားတစီးပျက်စီးတာကို မျက်မြင်တွေ့ခဲ့ရပါတယ်။ သူတို့ဘက်က ထိခိုက်ကျဆုံးကတော့ မသိနိုင်ပါဘူး။” 

စစ်ကောင်စီယာဉ်တန်းကို One Star Task Force-OSTF၊ သေမင်းတမန်ပျောက်ကျားတပ်ဖွဲ့ ၊ ရွှေညီကို ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

တော်လှန်ရေးအရှိန်မြင့်ဖို့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ဖို့အတွက် မိုင်းနဲ့ ခဲယမ်းတွေလိုအပ်နေပြီး ပြည်သူတွေ ပါဝင်ကူညီပေးဖို့ OSTF က တောင်းဆိုထားပါတယ်။

အောက်တိုဘာ ၁ ရက်ကလည်း မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ စစ်ကောင်စီယာဥ်တန်း တိုက်ခိုက်ခံရပြီး ၃ ယောက်သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင်မြို့နယ် ပကဖကနေ သိရပါတယ်။

ပခုက္ကူ တပ်မ ၁၀၁ ကနေ ပေါက်မြို့နယ်ဘက်ကို ထွက်လာတဲ့ စစ်ကောင်စီယာဥ်တန်း ၇၃ စီးကို အောက်တိုဘာ ၁ ရက် မနက် ၁၁ နာရီကျော်လောက်က ရေပြာရဲစခန်းနားမှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ မြိုင်မြို့နယ် ပကဖ တပ်ရင်း-၁ တပ်ရင်းမှူး ဗိုလ်လက်ယာက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီတပ်သား ၃ ယောက် သေဆုံး၊ အများအပြား ဒဏ်ရာရရှိခဲ့ကာ အောက်တိုဘာ ၂ ရက် မနက်အစောပိုင်းမှာ အလောင်းတွေကို မြှုပ်နှံခဲ့ပြီး ဒဏ်ရာရရှိတဲ့သူတွေကို ကားပေါ်တင်ကာ ဆက်ထွက်သွားကြတယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကို မြိုင်ပကဖ တပ်ရင်း-၁ နဲ့ YRF ဗိုလ်နားပေါက်အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ပြန်လည်ပစ်ခတ်ပေမဲ့ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ပြောပါတယ်။

ကချင်ပြည်နယ် ရွှေကူမြို့နယ် ကျောက်ကြီးကျေးရွာက စစ်ကောင်စီတပ် နဲ့ ရဲတပ်ဖွဲ့ဝင်တွေ စခန်းချနေထိုင်တဲ့ ရဲကင်းစခန်းကို KIA နဲ့ ဒေသခံပြည်သူကာကွယ်ရေးတပ် မြို့လှ KPDF တို့က ဒရုန်းနဲ့ ဗုံး ၆ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ PDF နဲ့ နီးစပ်သူ ဒေသခံတဦးက ပြောပါတယ်။

"ည ၈ နာရီလောက်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာ။ ဗုံးက အားလုံးပေါင်း ၆ လုံး။ အဲ့ဒီရဲစခန်းမှာက ရဲကော၊ စစ်တပ်ကော ထိုင်တာ။ ရဲစခန်းဘက်ကလည်း ရမ်းသန်းပြီး ပြန်ပစ်တယ်။ သေနတ်သံတွေ ဆူညံသွားတာပဲ။ ထိခိုက်မှု အခြေအနေကတော့ တိတိကျကျ မသိရသေးဘူး၊  အဆောက်အဦတော့ ပျက်စီးသွားတယ်။"

ဒရုန်းနဲ့ ဗုံး ၆ လုံး ကြဲချတိုက်ခိုက်ခံရတဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှု အခြေအနေကို တိတိကျကျ မသိရပေမယ့် ရဲစခန်းခေါင်မိုး နဲ့ နံရံတွေ ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ 

စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ အထိုင်ချနေထိုင်တဲ့ ကျောက်ကြီးရဲစခန်းကို KIA နဲ့ PDF အဖွဲ့က ပြီးခဲ့တဲ့ ၂၀၂၁ ခု မတ် ၃၁ ရက်က တကြိမ်၊ ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁ ရက်က တကြိမ်  ပစ်ခတ်တိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုဖြစ်စဉ်တွေမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024