Home
နိုင်ငံတကာ
မက္ကဆီကိုတွင် ဘုရားကျောင်းအမိုးပြိုကျသဖြင့်  ၉ ဦး သေဆုံး
DVB
·
October 3, 2023

မက္ကဆီကိုနိုင်ငံမြောက်ပိုင်းမှာ အောက်တိုဘာလ ၁ ရက်က ဘုရားကျောင်းခေါင်မိုး ပြိုကျမှုပြီး ကလေးငယ် ၃ ဦးအပါအဝင် အနည်းဆုံး လူ ၉ ဦး သေဆုံးကာ ဒါဇင်နဲ့ချီ ပိတ်မိနေခဲ့ပါတယ်။

၄ လသား ကလေးငယ်၊ ငါးနှစ်အရွယ် ၃ ဦးနဲ့ ကိုးနှစ်အရွယ် ၂ ဦးအပါအဝင် လူ ၄၀ ဒဏ်ရာရခဲ့ပြီး ကုသမှုခံယူဖို့ ဆေးရုံကို ပို့ဆောင်ထားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

အမိုးပြိုကျမှုမှာ “ဖွဲ့စည်းပုံဆိုင်ရာ ချို့ယွင်းမှု”ကြောင့် ဖြစ်နိုင်တယ်လို့ ပြည်နယ်လုံခြုံရေး ပြောရေးဆိုခွင့်ရှိသူရုံးက ပြောပါတယ်။

အခင်းဖြစ်ပွားရာနေရာမှာ နိုင်ငံတော် ရဲတပ်ဖွဲ့၊ ပြည်နယ် အရပ်ဘက် ကာ ကွယ်ရေးရုံးနဲ့ ကြက်ခြေနီ တပ်ဖွဲ့ဝင်တွေ ရောက်ရှိကယ်ဆယ်နေကြပါတယ်။

အပျက်အစီးတွေအောက်က အသက်ရှင်ကျန်ရစ်သူတွေကို ကယ်ဆယ်ရေးသမားတွေက ညလုံး ပေါက် တူးဖော်ရှာဖွေခဲ့ကြပါတယ်။

တမ်ပီကိုဆိပ်ကမ်းမြို့ဘေးရှိ ပင်လယ်ကွေ့ကမ်းရိုးတန်းမြို့တမြို့ဖြစ်တဲ့ စီယူဒက်မာဒီရိုမြို့က ဆန်တာခရုဇ်ဘုရားကျောင်းမှာ သာသနာပြုသူများ မိတ်သဟာယခံယူနေစဉ် ခေါင်မိုးပြိုကျခဲ့တာလို့  ဆရာတော် ဟိုဆေးအာမန်ဒိုအယ်ဗာရက်ဇ် က ပြောကြားခဲ့ပါတယ်။

“အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေဖို့ အထူးလေ့ကျင့်ထားတဲ့ ခွေးတွေကို စေလွှတ်ထားတယ်။ အခုအချိန်မှာတော့ အပျက်အစီးတွေအောက်မှာရှိနေတဲ့ လူတွေကိုထုတ် ယူဖို့ လိုအပ်တဲ့ လုပ်ငန်းတွေကို လုပ်ဆောင်နေပါတယ်။ ဒီနေ့ ကျနော်တို့ဟာ အလွန်ခက်ခဲတဲ့ အခိုက်အတန့်တွေကို ဖြတ်သန်းနေကြရပါတယ်။”

ကယ်ဆယ်ရေးအဖွဲ့တွေရဲ့ လုပ်ဆောင်မှုကြောင့် အပျက်အစီးများအောက်မှ လူတွေကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ကြောင်းနဲ့ ကြေကွဲဖွယ်အသက်ဆုံးရှုံးမှုနဲ့ ဒဏ်ရာရသူတွေကို ဆုတောင်းပေးတဲ့အကြောင်း မက္ကဆီကို ဆရာတော်များကောင်စီက ထုတ်ပြန်ပါတယ်။

မက္ကဆီကိုနိုင်ငံမှာ ငလျင်လှုပ်ခတ်စဉ်အတွင်း အဆောက်အအုံပြိုကျမှုတွေက အဖြစ်များပေမဲ့ အမျိုးသားငလျင်ဆိုင်ရာဌာနက အခုလို  ပြိုကျပျက်စီးနိုင်လောက်အောင် ပြင်းထန်တဲ့ ငလျင် လှုပ်ရှားမှုကို မတွေ့ရဘဲ ပေါက်ကွဲတဲ့ အရိပ်အယောင်လည်း မရှိပါဘူးလို့ ဆိုပါတယ်။

Source -Sky News

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024