မလေးရှားနိုင်ငံ၊ မာလကာပြည်နယ်ရှိ မလကာစင်ထရယ်နားက ဆိုင်ခန်းတွေကို မလေးရှားရဲတပ်ဖွဲ့က အောက်တိုဘာ ၁ ရက်မှာ ဝင်ရောက်စစ်ဆေးခဲ့ရာ တရားမဝင် အထောက်အထား စာရွက်စာတမ်းမရှိတဲ့ မြန်မာနိုင်ငံသား ၁၆ ဦး အပါအဝင် ၂၃ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။
မလေးရှား လူမှုဝင်ကြီးကြပ်ရေးအရာရှိ ၂၃ ဦးနဲ့ အေဂျင်စီ ၅ ခုမှ တပ်ဖွဲ့ဝင် ၂၁ ဦးဟာ မလကာစင်ထရယ် အနီးမှာရှိတဲ့ ဆိုင်ခန်းတွေကို ဝင်ရောက်စစ်ဆေးခဲ့ရာ ဆိုင်ဝန်ထမ်းတွေနဲ့ ဈေးလာဝယ်တဲ့ နိုင်ငံခြားသားတွေဖြစ်တဲ့ မြန်မာနိုင်ငံသား ၁၀၂ ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၆၈ ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ၉ ဦး၊ နီပေါနိုင်ငံသား ၁၇ ဦးနဲ့ ပါကစ္စတန်နိုင်ငံသား ၃ ဦး စုစုပေါင်း ၁၉၉ ဦးတို့ကို တွေ့ရှိခဲ့ပါတယ်။
နိုင်ငံခြားသား ၁၉၉ ဦးထဲကမှ အထောက်အထား အပြည့်အစုံပါရှိတဲ့ နိုင်ငံခြားသား ၁၁၅ ဦးကို အဲဒီနေရာမှာတင် ပြန်လွှတ်ပေးခဲ့ပြီး ကျန်သူတွေကို လူဝင်မှုကြီးကြပ်ရေးဌာနဆီ ခေါ်ယူပြီး ဆက်လက်စစ်ဆေးခဲ့ပါတယ်။
စစ်ဆေးချက်အရ တရားဝင်အချက်အလက်တွေ တင်ပြခဲ့တဲ့ နိုင်ငံခြားသား ၅၈ ဦးနဲ့ အသက်မပြည့်သေးသူ ၃ ဦးကို လွှတ်ပေးခဲ့ပြီး စာရွက်စာတမ်း အထောက်အထား မပါရှိတဲ့ မြန်မာနိုင်ငံသား ၁၆ ဦး အပါအဝင် ၂၃ ဦးကို ပုဒ်မ ၆(၁)(ဂ) နဲ့ ပုဒ်မ ၁၅(၄) နဲ့ အရေးယူသွားမယ်လို့ မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်နေ့ကလည်း မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၆ ဦး အပါအဝင် ၃၆ ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။
Photo - Jabatan Imigresen Malaysia