Home
မြန်မာသတင်း
ဖမ်းဆီးခံ နိုင်ငံခေါင်းဆောင် ၂ ဦး၏ အမှုအတွက် အထူးအယူခံတက်ရန် ကြန့်ကြာနေ
DVB
·
October 2, 2023

ဖမ်းဆီးအကျဉ်းချခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ရဲ့ အမှုတွေအတွက် ရှေ့နေအဖွဲ့က အထူးအယူခံ အဆင့်ဆင့်ဆက်တက်ဖို့ ပြင်ဆင်နေပေမဲ့ ကြန့်ကြာနေပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရဲ့ အမိန့်ကို စောင့်ကြည့်ရတဲ့ အခြေအနေမှာပဲ ရှိနေပါတယ်။

အမှုတချို့ရဲ့ အထူးအယူခံဝင်ခွင့်ကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ပယ်ချပြီး ဖြစ်တာကြောင့် ထပ်တက်ဖို့ အယူခံအဆင့်သိပ်မရှိတော့ဘူးလို့ ဥပဒေကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

ဩဂုတ် ၂၉ ရက်က ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ သဘာဝဘေးပုဒ်မ ၂၅ အမှုတွေ၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈၊ ဆက်သွယ်ရေးပုဒ်မ ၆၇၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ စတဲ့အမှုတွေဟာ အထူးအယူခံတက်ခွင့်မရဘဲ စစ်ကောင်စီတရားလွှတ်တော်ချုပ်က ဩဂုတ် ၂၉ ရက်နေ့မှာပယ်ချခဲ့ပါတယ်။

ဒီအမှုတွေအတွက်ပြစ်ဒဏ်တွေကို လွတ်ငြိမ်းခွင့်ပေးတယ်လို့ စစ်ကောင်စီက ဩဂုတ် ၁ ရက်မှာ  ကြေညာချက်ထုတ်ပြန်ခဲ့ပေမယ့် ဒီအမှုတွေကို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့  ကျူးလွန်ခဲ့တာ မဟုတ်တဲ့အတွက် လျှော့ပေါ့ပေးတာကို လက်မခံဘဲ ဥပဒေနဲ့အညီ လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်ဖို့ အထူးအယူခံတက်ခဲ့တာမှာ စစ်ကောင်စီ တရားလွှတ်တော်ချုပ်က ပယ်ချခဲ့တာပါ။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ကို စစ်ကောင်စီက ထောင်ဒဏ်ချမှတ်ထားတဲ့ တခြားအမှုတွေအတွက်လည်း အယူခံအဆင့်ဆင့်ဆက်တက်ဖို့ ရှေ့နေအဖွဲ့က ကြိုးစားနေတာ ဖြစ်ပါတယ်။

နိုင်ငံ့ခေါင်းဆောင်တွေရဲ့ ရှေ့နေအဖွဲ့ဝင်တဦးက “အမှုနံပါတ်က ရာဇဝတ်အထွေထွေ လျှောက်လွှာအထူးပေါ့။ ၁၂၀ ကနေ ၁၂၅ အထိ ၆ မှုပြောခဲ့တယ်။ အမိန့်ချမယ့်နေ့ကတော့ ကျနော်တို့ကို မပြောဘူးဗျ။ ပြည်ထောင်စုတရားလွှတ်တော်ချုပ် ဝက်ဘ်ဆိုက်မှာ ဝင်ကြည့်လိုက်။ ကျနော်တို့ အမိန့်တွေ ကူးရဦးမယ်ဗျ။ ဘယ်နေ့တင်ဖြစ်မယ်မသိဘူး” လို့ ပြောပါတယ်။

တရားရုံးလုပ်ထုံးတွေအရ အယူခံတင်တာတွေနဲ့ပတ်သက်ပြီး တက်ခွင့်ပြုတယ်၊ မပြုဘူး ဆိုတဲ့ အမိန့်ချတာကို အယူခံတင်သူတွေဆီကို သတင်းပေးပို့လေ့မရှိဘဲ တရားရုံး ဒါမှမဟုတ် သက်ဆိုင်ရာတရားရေးဌာနတွေမှာ ထုတ်ပြန်လာတာကို စောင့်ကြည့်ရတာဖြစ်ပါတယ်။

တရားရုံးဘက်က ဘယ်အချိန်ကျမှ ဘယ်လိုထုတ်ပြန်မယ်ဆိုတာကို ကြိုမသိနိုင်တဲ့အတွက် စောင့်ကြည့်ရတဲ့အခြေအနေမှာသာ ရှိနေတာဖြစ်ပါတယ်။

ဝါရင့် တရားလွှတ်တော်ရှေ့နေကြီး ဦးကြီးမြင့်က “တရားသူကြီးချုပ် ဦးသာဌေး တက်လာပြီးမှ တချို့ဟာတွေက ပယ်လိုက်တာ။ သူတို့ကို အမိန့်ချတာတော့ မပြောဘူးလေ ဒါတော့ မှန်တယ်။ ဘယ်တော့မှ အမိန့်ချတာကို အကြောင်းမကြားဘူး။ ဘယ်နေ့က အမိန့်ချတယ် ဘယ်လို ချတယ်ဆိုတာကို၊ အမိန့်ချမှတ်သည် ဒါပဲ ဘယ်လိုချမှတ်တယ်ဆိုတာ မပါဘူး။ အမိန့်ချတယ်ဆိုမှ သွားပြီးကြည့်ရတာ ဘယ်လို အမိန့်ချတယ်ဆိုတာကို။ ပယ်လိုက်ပြီဆိုလည်း အဲဒါကိုကူးပြီး နောက်ထပ်တဆင့်တက်ဖို့ လုပ်ရတယ်။ အမိန့်ချလိုက်ပြီဆိုလည်း ဘယ်လိုချတာလဲ၊ မကျေနပ်ရင် တခါတက်ဖို့ လုပ်ရတယ်။ အမိန့်ချပြီးပြီဆိုရင် ဘာချမှန်းမသိဘူး အဲဒါကိုသွားပြီးကူးရသေးတယ်။ ကူးလာပြီးတော့မှ ဪဒီလိုချတာပါလားလို့၊ အဲ့ဒီလိုသိရတာ။"

အမှုတွေဟာ တိုင်းနဲ့ပြည်နယ်အဆင့်ကနေ ပြည်ထောင်စုတရားလွှတ်တော်ချုပ်အဆင့်ဆီ အယူခံဝင်ဖို့ ရောက်သွားပြီဆိုရင် တရားသူကြီး တပါးထိုင် အယူခံဝင်ခွင့်နဲ့ နှစ်ပါးထိုင်အယူခံဝင်ခွင့် နှစ်ဆင့်သာ ကျန်ရှိတော့တာ ဖြစ်ပါတယ်။

ဒီအဆင့်တွေမှာ အယူခံဝင်ခွင့်မရရင် နောက်ထပ် တက်စရာ အယူခံအဆင့်မရှိတော့ဘဲ အယူခံဝင်လိုသူက မူလအောက်ခြေတရားရုံးမှာ ချမှတ်ခံထားရတဲ့အမိန့်ကို လက်ခံရမယ့် အခြေအနေသာရှိတော့တာ ဖြစ်ပါတယ်။

ဝါရင့် တရားလွှတ်တော်ရှေ့နေကြီး ဦးကြီးမြင့်က “ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာပဲ တပါးထိုင်ဆိုတာရှိတယ်။ အဲဒီမှာ တက်တယ်။ တပါးထိုင်က ပယ်လိုက်ပြီဆိုရင် နောက်ထပ် နှစ်ပါးထိုင် ရောက်တယ်။ နှစ်ပါးထိုင်က လက်ခံတယ်ဆိုရင် စုံညီခုံရုံးကိုသွားတယ်။ နှစ် ပါးထိုင်က ပယ်လိုက်တယ်ဆိုရင်တော့ ပြီးပြီပေါ့ကွာ။ တက်စရာမရှိတော့ဘူး။ ဒေါ်အောင်ဆန်းစုကြည်အမှုနဲ့ ပတ်သက်လို့ ရှေ့နေတွေဘက်ကလည်း စိတ်ပျက်နေပြီပေါ့ကွာ။ ဘာဖြစ်လို့လဲဆိုတော့ တမင်သက်သက် ညစ်နေတယ်ဆိုတာကို သိတဲ့အခါကျတော့ ရှေ့နေတွေကလည်း စကားကျွံသွားရင် ဒီဘက်လည်း အန္တရာယ်က ရှိသေးတာကိုး” လို့ ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ ထိန်းသိမ်းခံ နိုင်ငံ့ခေါင်းဆောင်တွေကို ရှေ့နေအဖွဲ့က တွေ့ဆုံဆက်သွယ်ခွင့်မရတော့တာ အချိန် ၉ လ ကျော်၊ ၁၀ လ နီးပါးရှိခဲ့ပြီဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ဒုဝန်ကြီးအဆင့် နေအိမ်ကိုပြောင်းထားမယ်၊ ရန်ကုန် တက္ကသိုလ်ရိပ်သာ လမ်းနေအိမ်ကို ပြန်ပြောင်းထားမယ်ဆိုတဲ့ ကောလာဟလ သတင်းတွေထွက်ပေါ်ခဲ့ပေမဲ့ လက်ရှိအချိန်အထိတော့ နေပြည်တော်အချုပ်ထောင်ထဲမှာ ထိန်းသိမ်းခံထားဆဲ ဖြစ်တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ကို ချမှတ်ထားတဲ့ ပြစ်ဒဏ်တချို့ကို လျှော့ပေါ့ပေးကြောင်း  စစ်ကောင်စီက ဩဂုတ်လ ၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ချမှတ်ထားတဲ့ အမှု ၁၉ မှု ထဲက ၅ မှု၊ စုစုပေါင်းထောင်ဒဏ် ၃၃ နှစ်ထဲက ၆ နှစ်ကိုသာ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခဲ့တာဖြစ်ပြီး အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့  စုစုပေါင်း အမှု ၁၄ မှုအတွက် ထောင်ဒဏ် ၂၇ နှစ်ချမှတ်ခံထားရဆဲ ဖြစ်ပါတယ်။

သုတချမ်းသာ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024