အမေရိကန်နိုင်ငံရဲ့ မြို့တော် ဝါရှင်တန်ဒီစီရှိ ကျူးဘားသံရုံး မကြာသေးမီက တိုက်ခိုက်ခံရတာဟာ အမေရိကန်ရဲ့ စက်ဆုပ်စရာကောင်းတဲ့ ကျူးဘားဆန့်ကျင်ရေး ရည်ရွယ်ချက်ရဲ့ ရလဒ်ပဲလို့ မြောက်ကိုရီးယားက အောက်တိုဘာ ၁ ရက်မှာ ပြောပါတယ်။
ကျူးဘားသံရုံးရဲ့ လုံခြုံရေးကို သေချာအောင်မလုပ်ဘဲ အမေရိကန်က လျစ်လျူရှုထားပြီး ကျူးဘားလို သူတို့ မကြိုက်တဲ့ နိုင်ငံတွေကို အကြမ်းဖက်ဝါဒကို ပံ့ပိုးကူညီသူတွေ စာရင်းထဲမှာ ထည့်ဖို့ပဲ စိတ်အားထက်သန်နေတယ်လို့ မြောက်ကိုရီးယား နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ထုတ်ပြန်ပြောပါတယ်။
ကျူးဘား၊ မြောက်ကိုရီးယား၊ ဆီးရီးယားနဲ့ အီရန်တို့ဟာ အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ အကြမ်းဖက် နိုင်ငံတွေ စာရင်းထဲမှာ ပါဝင် နေကြပါတယ်။
အကြမ်းဖက်သမားတယောက်က စက်တင်ဘာ ၂၄ ရက်မှာ ကျူးဘားသံရုံးကို ဓာတ်ဆီပုလင်းဗုံးနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီဖြစ်ရပ်ကြောင့် ထိခိုက်ဒဏ်ရာရသူ မရှိ သလို ထူးထူးခြားခြား ထိခိုက်မှုလည်း မရှိပါဘူး။
ဒီဖြစ်ရပ်ဟာ ဆိုးရွားတဲ့ အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်တယ်လို့ မြောက်ကိုရီးယား ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
၂၀၂၀ ပြည့်နှစ်တုန်းက ကျူးဘား သံရုံးအဆောက် အအုံကို တစ်ယောက်ယောက်က ရိုင်ဖယ်သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့ဖြစ်ရပ်ရဲ့ နောက်ဆက်တွဲ ပုံစံတစ်ခုလို့လည်း မြောက်ကိုရီးယားက ပြောပါတယ်။
Source/Photo-Reuters