မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စက်တင်ဘာ ၃၀ ရက်နေ့ မနေ့မနက်ပိုင်းက စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး ၄ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင်မြို့နယ် ပကဖဆီကနေ သိရပါတယ်။
အဲဒီစစ်ကြောင်းဟာ မြိုင်မြို့နယ်တောင်ရွာ ကျေးရွာကို အင်အား ၈၀ ကျော်လောက်နဲ့ စစ်ကြောင်းထိုးဝင်ရောက်ပြီး ပြည်သူတွေကို ဖမ်းဆီးရိုက်နှက်ခဲ့တယ်လို့ မြိုင်ပကဖ တပ်ရင်း ၁ ရဲ့ တပ်ရင်းမှူး ဗိုလ်လက်ယာက ဒီဗွီဘီကို ပြောပါတယ်။
စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့ အီနာဂါ ဗုံးသီး ၁၇ လုံး ဖြုတ်ချတိုက်ခိုက်ခဲ့ပြီး အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၄ ယောက် ထက်မနည်း ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရရှိခဲ့တဲ့ စစ်ကောင်စီတပ်သားတွေကို ထမ်းစင်တွေနဲ့ ထမ်းခေါ်သွားကြတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကျောက်ဆောက်ရွာနဲ့ ရွာသစ်ရွာဘက်ကို နောက်ထပ် အင်အား ၁၀၀ လောက်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းတကြောင်းက ဝင်ရောက်မွှေနှောက်နေပြီး ရွာထဲက ပစ္စည်းတွေကို မွှေနှောက်ရှာဖွေအဓမ္မဆောင်သွားကြတယ်လို့ ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကို MRTF၊ ပခုက္ကူသူရိန်တပ်ဖွဲ့တို့နဲ့ အတူပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့အခြေနေကို ဒီဗွီဘီက သီးခြား အတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။