ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်မှာ ရိက္ခာသယ်ယူဖို့ဆင်းလာတဲ့ စစ်ကောင်စီအဖွဲ့နဲ့ KIA တို့ စက်တင်ဘာ ၃၀ ရက် မနက်ပိုင်းက ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်ကြောင်းမှူး အပါအဝင် သုံ့ပန်း ၅ ယောက် ဖမ်းမိသလို လက်နက်တချို့ သိမ်းဆည်းရမိတယ်လို့ KIA ရှေ့တန်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
မိုးမောက်မြို့နယ်၊ နွမ်းလန်းနဲ့ အူထန်ယန်ကြား ရှန်တုန်တောင် စစ်ကောင်စီစခန်းကနေ ဆင်းလာတဲ့ စစ်ကောင်စီအဖွဲ့နဲ့ KIA အမှတ် ၂၅ ခြေမြန်တပ်ရင်းတို့ တိုက်ပွဲဖြစ်ခဲ့တာပါ။
အလောတောင်အောက်ဘက် ရှန်တုန်ဘွမ်မှာ စခန်းချတပ်စွဲထားတဲ့ ခမရ - ၄၃၈ စစ်ကောင်စီတပ်က စစ်ကောင်စီတပ်သား ၁၅ ယောက်လောက်ဟာ နွမ်းလန့်ဘက်ကို ရိက္ခာသယ်ဖို့ဆင်းလာတာမှာ KIA အမှတ် ၂၅ ခြေမြန်တပ်ရင်းအဖွဲ့က အူထန်ယန်ရွာ အောက်နားမှာ ဖြတ်တိုက်တာကြောင့် စစ်ကောင်စီဘက်က ၂ ယောက်သေဆုံးပြီး၊ ၅ ယောက် ဖမ်းမိပြီး ကျန်တဲ့ ၈ ယောက်ကတော့ နွမ်းလန့် စစ်ကောင်စီတပ်ဘက် ထွက်ပြေးသွားတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တယောက်က ပြောပါတယ်။
အဲဒီတိုက်ပွဲကနေ စစ်ကြောင်းမှူး ၁ ယောက်နဲ့ တပ်သား ၄ ယောက် ဖမ်းမိပြီး ပစ္စတို ၁ လက်၊ သေနတ်အရှည် ၅ လက် နဲ့ လက်နက်ခဲယမ်းပစ္စည်းတချို့ သိမ်းဆည်းရမိတယ် လို့လည်း သူက ပြောပါတယ်။
အရှင်ဖမ်းမိတဲ့ စစ်ကောင်စီ သုံ့ပန်း ၅ ဦးထဲက ၁ ဦးကတော့ ထိခိုက်ဒဏ်ရာကြောင့် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
အလောတောင်နဲ့ဆက်နေတဲ့ ရှန်တုန်တောင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က အင်အား ၂၀၀ ဝန်းကျင်ရှိပြီး အင်အားတော်တော်များတဲ့ စခန်းတခုဖြစ်တယ်လို့ သိရပါတယ်။
အဲဒီ ရှန်တုန် စစ်ကောင်စီစခန်းနေရာဟာ ဗန်မော် - နမ်ဆန်ယန်ဘက်မှာရှိပြီး KIA ဌာနချုပ်ရှိရာ လိုင်ဇာနဲ့လည်းနီးလို့ လက်ရှိမှာ နှစ်ဖက်အသင့်အနေအထားနဲ့ စစ်ရေး တင်းမာနေတဲ့နေရာ ဖြစ်တယ်လို့ နောက်ထပ် KIA သတင်းရင်းမြစ်တယောက်က ပြောပါတယ်။