စစ်ကိုင်းတိုင်း၊ ကလေးမြို့နဲ့ ချင်းပြည်နယ် မင်းတပ်မြို့မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ မိုင်းကြောင့် ကလေး ၂ ယောက်အပါအဝင် ၄ ယောက် ဒဏ်ရာရခဲ့ပြီး အမျိုးသမီး ၁ ယောက် သေဆုံးခဲ့ပါတယ်။
စက်တင်ဘာ ၂၉ ရက်နေ့ နေ့လယ်ပိုင်းက စစ်ကောင်စီဘက်ကပစ်လိုက်တဲ့ လက်နက်ကြီးဟာ စစ်ကိုင်းတိုင်း၊ ကလေးမြို့အနောက်ပိုင်း အင်ဒိုင်းကုန်းရပ်ကွက်မှာ ကျရောက်ပေါက်ကွဲလို့ အသက် ၃၂ နှစ် အရွယ် အမျိုးသမီးတယောက် သေဆုံးခဲ့ပြီး ဦးလေးဖြစ်သူ ၂ ယောက်လည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကလေးမြို့ခံတယောက်က “သူတို့အိမ်ပေါ် လက်နက်ကြီးက တည့်တည့်ကျတာ။ သေဆုံးသူကတော့ ဗိုက်ပွင့်ပြီးဆုံးသွားတာ။ သူ့ဦးလေး ၂ ယောက်ကတော့ ဒဏ်ရာရသွားတယ်။ တယောက်ကတော့ ပေါင်မှာ ၆ ချက် ချုပ်ရတယ်။ နောက်တယောက်ကတော့ မပြင်းထန်ဘူး။ မနေ့က တိုက်ပွဲတွေလည်းဖြစ်နေတာ။ တနေကုန် လက်နက်ကြီးတွေနဲ့ပစ်နေတာ” လို့ ပြောပါတယ်။
ကလေးမြို့အနောက်ပိုင်းရပ်ကွက်တွေမှာ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေး တပ်တွေကြား တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ကောင်စီက မြို့တွင်းနဲ့ မြို့အနီးတဝိုက် ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ပစ်ခတ်နေပါတယ်။
စက်တင်ဘာ ၂၆ ရက်နေ့ကစပြီး ကလေးမြို့အနောက်ပိုင်း မြို့လှ၊ မွန်ထာ၊ အင်ဒိုင်းကုန်း၊ တောင်သာ စတဲ့ ရပ်ကွက်တချို့မှာ စစ်ကောင်စီက အရပ်သားနေအိမ်တွေမှာ တပ်စွဲနေပြီး ဒေသခံ ထောင်ချီဟာလည်း ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။
စက်တင်ဘာ ၂၇ ရက်နေ့ကလည်း စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် ရှားဖိုရွာဒေသခံ ၄ ယောက် ထိခိုက် သေဆုံးခဲ့ပါသေးတယ်။
စက်တင်ဘာ ၂၉ ရက်နေ့ မနက် ၆ နာရီအချိန်မှာ မင်းတပ်မြို့အခြေစိုက် ခလရ ၂၇၄ က ပစ်ခတ်တဲ့ လက်နက်ကြီးဟာ မင်းတပ်မြို့နယ်၊ တိုက်နယ် ၄ ဘက်ကို ကျရောက် ပေါက်ကွဲပြီး အသက် ၁၀ နှစ်အရွယ် ယောကျ်ားလေး ၁ ယောက်နဲ့ အသက် ၁၇ နှစ်အရွယ် မိန်းကလေး ၁ ယောက် ထိခိုက်ဒဏ်ရာရခဲ့သလို လူနေအိမ် ၂ လုံးနဲ့ အိမ်သာ ၂ လုံး ပျက်စီးသွားပါတယ်။
CDF-မင်းတပ်ရဲ့ ပြန်ကြားရေးတာဝန်ခံက “တိုက်ပွဲနေရာ မဟုတ်ဘဲ မြို့နားက ကျေးရွာတွေကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ရမ်းပစ်နေကြတာ၊ ဒဏ်ရာရရှိတဲ့ သူတွေကိုတော့ CDF-မင်းတပ်ရဲ့ ဆေးတပ်ဖွဲ့က ဆေးကုသမှုပေးနေပါတယ်” လို့ ပြောပါတယ်။
မင်းတပ်မြို့မှာ စစ်ကောင်စီက တက္ကသိုလ်ဖွင့်ဖို့ကြိုးစားနေပြီး CDF-မင်းတပ် ထိန်းချုပ်နေရာတွေက ပြည်သူတွေကို မြို့ထဲပြန်လာနေကြဖို့ ဖိအားပေးတဲ့အနေနဲ့ ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ရမ်းပစ်တာတွေ လုပ်ဆောင်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။