Home
ဆောင်းပါး
ဒေါ်အောင်ဆန်းစုကြည်နှင့် တရားစီရင်ရေးတိုက်ပွဲ
DVB
·
September 30, 2023

မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၆၁ နှစ်ကျော်ကာလတုန်းက ပင်ကိုယ်ဗီဇ ညံ့ဖျင်းရုံမက ကိုယ်ကျင့်သီလမကောင်းတဲ့ ဗိုလ်နေဝင်း ဦးဆောင်တဲ့ စစ်အခွင့်ထူးခံအုပ်စုဟာ အရပ်သားအစိုးရထံကနေ တိုင်းပြည်အာဏာကို လက်နက်အားကိုးလုယူလို့ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာ ၃ ရပ်ကို ဆုပ်ကိုင်ခွင့်ရသွားပြီးကတည်းက ရမ်းကား ကြမ်းကြုတ်တဲ့ စစ်အုပ်စုဟာ တရားစီရင်ရေးအာဏာနဲ့ ဥပဒေပြုရေးအာဏာကို အုပ်ချုပ်ရေးအာဏာအောက်ကို ဆွဲသွင်းပြီး သူတို့စစ်အုပ်စု ထာဝစဥ် စိုးမိုး‌‌ဗိုလ်ကျနိုင်ဖို့ စစ်အာဏာရှင်စနစ် အင်ပါယာကို စတင်ထူထောင်ခဲ့ကြပါတယ်။

သူတို့လက်ထဲရောက်လာတဲ့ တရားဥပဒေကို ဖိနှိပ်ရေးကိရိယာအဖြစ် အသုံးချခဲ့ကြပါတယ်။ စစ်ဗိုလ်တွေရဲ့ အာဏာကို ဆန့်ကျင်ခဲ့ကြသူတိုင်းကို ရှင်းလင်းချေမှုန်းဖို့ ဥပဒေတွေကို သားရေကွင်းလို အလျှော့အတင်းလုပ်ပြီး ဗိုလ်ကျအနိုင်ကျင့်ခဲ့ကြတာ ၁၉၆၂ ခုနှစ်ကနေ ယနေ့ထက်တိုင် စစ်အာဏာရှင်ခေတ် သမိုင်းတလျှောက်လုံးပါပဲ။

ဒါကြောင့် မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးကဏ္ဍဟာ ချည့်နဲ့အားနည်းနေတယ် ဆိုတာကို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အရင်ကလည်း အကြိမ်ကြိမ် ပြောဆို သတိပေးခဲ့ဖူးပါတယ်။ အဲ့ဒီလို‌ ထောက်ပြပြောဆိုမှုတွေထဲမှာ ထင်ရှားတဲ့တခုကတော့ ၂၀၁၃ ခုနှစ် ဇူလိုင်လ အလယ်လောက်မှာ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ၊ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရဲ့ အဓိကမဏ္ဍိုင်ကြီးသုံးရပ်ထဲမှာ တရားရေးမဏ္ဍိုင်ဟာ အားအနည်းဆုံး ဖြစ်နေတယ်ဆိုပြီး နေပြည်တော်မှာ သတင်းမီဒီယာသမားတွေနဲ့ တွေ့ဆုံချိန်အတွင်း အောက်ပါအတိုင်း ပြောဆိုခဲ့မှုပဲ ဖြစ်ပါတယ်။

“တရားရေးမဏ္ဍိုင်ဟာ ဒီမဏ္ဍိုင်ကြီးသုံးခုထဲမှာ အင်မတန်မှ အားနည်းပြီးတော့ ချည့်နဲ့နေတဲ့ မဏ္ဍိုင် ဖြစ်ပါတယ်။ အဲဒီတော့ ဒီလို ဒေါက်တိုင်ကြီးသုံးခု ညီမျှမှုမရှိတာဟာ ကျမတို့နိုင်ငံအတွက် အင်မတန်မှ နစ်နာစရာဖြစ်ပါတယ်။ နောက်ပြီး တရားရေးမဏ္ဍိုင်က ခေါင်းဆောင်ကို ပြောရမယ်ဆိုရင် ဘယ်သူ့ကို ပြောရမယ်မှန်းတောင် ကျမ မသိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရှေ့နေချုပ်ကော၊ တရားသူကြီးချုပ်ကောက သမ္မတက ခန့်တာဆိုတော့ အဲဒီမှာကတည်းက တရားရေးမဏ္ဍိုင်ဟာ အုပ်ချုပ်ရေးမဏ္ဍိုင်အောက်မှာ ဖြစ်နေပါပြီ။ အဲဒီတော့ ဒီဒေါက်တိုင်ကြီးသုံးခုဟာ တကယ်တော့ လွတ်လွတ်လပ်လပ်နဲ့ တခုကိုတခု ထိန်းထားရမယ့် အနေအထားမှာ မရှိပါဘူး။ အဲဒီတော့ ဆက်ဆံရေးမှာလည်း ညီမျှမှု မရှိဘူးပေါ့။”

စစ်အာဏာရှင်အစိုးရ အဆက်ဆက်ဟာ တရားဥပဒေကို သူတို့အာဏာတည်မြဲဖို့ လိုရာဆွဲဆန့်၊ အကျဉ်းအကျယ်လုပ်ပြီး အသုံးချခဲ့ကြသလို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အရပ်သားအစိုးရထံက နိုင်ငံ့နဲ့ ပြည်သူ့အာဏာကို လက်နက်အားကိုးပြီး လုယူခဲ့တဲ့ သမ္မတရူး မင်းအောင်လှိုင်နဲ့ အကြမ်းဖက်အုပ်စုဟာ သူတို့အရင် စစ်အာဏာရှင်တွေအတိုင်း အာဏာအလွဲသုံးစားလုပ်ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့် အပါအဝင် ပြည်သူက ရွေးကောက်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရ အဖွဲ့ဝင်တွေသာမက NLD ပါတီဝင်တွေ၊ နိုင်ငံရေးလှုပ်ရှားတက်ကြွသူတွေ၊ မတရားမှုကို ခေါင်းငုံ့မခံကြတဲ့ ပြည်သူလူထုကို ဥပဒေကို လိုသလိုဆွဲဆန့် အသုံးချပြီး ကောက်ကျစ်ယုတ်မာစွာ လိမ်ညာလို့ မတရားအမှုဆင်ပြီး ဖမ်းဆီးထောင်ချ ညှဉ်းပန်းသတ်ဖြတ်ခဲ့ကြပါတယ်။

ကိုယ်တိုင်က အဂတိလိုက်စားပြီး နိုင်ငံ့ဘဏ္ဍာ၊ ပြည်သူ့ဘဏ္ဍာတွေကို ခိုးဆိုးလုယက် ဓားပြတိုက်ထားပေမဲ့ သီလစင်ကြယ်တဲ့ လူထုခေါင်းဆောင်အပေါ် ပုဂ္ဂိုလ်ရေးအရ မနာလို မရှုဆိတ်နိုင်ဘဲ အာဃာတ အငြိုးကြီးမားတဲ့ မင်းအောင်လှိုင်နဲ့ အကြမ်းဖက်စစ်အုပ်စုဟာ သူတို့ခိုးယူထားတဲ့ စည်းစိမ်ဥစ္စာ အာဏာတွေကို ထိပါးလာမှာ ကြောက်လန့်ပြီး ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့ မနက်မှာ ခိုင်လုံတဲ့ သက်သေအထောက်အထားမရှိဘဲ မဲစာရင်းမှားတယ်လို့ အကြောင်းပြပြီး အာဏာလုယူလို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရအဖွဲ့ကို ဖမ်းဆီးခဲ့ကြပါတယ်။

ကိုယ်ကျင့်သိက္ခာတည်ကြည်တာမို့ ပြည်သူက ချစ်မြတ်နိုးတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို NLD အစိုးရလက်ထက်က ရန်ကုန်တိုင်းဒေသတွင်း လုပ်ငန်းတွေကို ထောက်ခံပေးဖို့နဲ့ ကာကွယ်ပေးဖို့အတွက် ဦးဖြိုးမင်းသိန်းက အမေရိကန်ဒေါ်လာ ခြောက်သိန်းနဲ့ အကယ်ဒမီရွှေ ခုနစ်ပိဿာကို ဒေါ်အောင်ဆန်းစုကြည်ထံ ပေးပို့ခဲ့တယ်ဆိုပြီး လုပ်ကြံစွဲချက်တင်ထားတဲ့အမှု၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေနဲ့ ၂ မှု၊ ပို့ကုန်/သွင်းကုန်ဥပဒေ ပုဒ်မ ၈ နဲ့ ၁ မှု၊ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၇ နဲ့ ၁ မှု၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)၊ မြန်မာနိုင်ငံလျှို့ဝှက်အက်ဥပဒေ ပုဒ်မ ၃(၁)(ဂ)၊ NLD အစိုးရလက်ထက်က ရဟတ်ယာဉ်ဝယ်ယူ၊ ငှားရမ်း၊ ပြုပြင်ထိမ်းသိမ်းရတဲ့ ကိစ္စရပ်တွေအတွက် ရန်ပုံငွေသုံးစွဲမှုကို အကြောင်းပြပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ အပါအဝင် အမှုပေါင်း ၁၉ မှုကို လုပ်ကြံအမှုတည်ဆောက်ပြီး တရားစွဲဆိုခဲ့ကြပါတယ်။

ထို့အတူပဲ ကိုယ်ပိုင်အိမ်တောင်မရှိရှာတဲ့ နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်ကိုလည်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ရန်ပုံငွေနဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေလုပ်ဖို့ NLD အစိုးရလက်ထက်က ရဟတ်ယာဉ်ဝယ်ယူ၊ ငှားရမ်းတဲ့ ကိစ္စရပ်တွေအတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(ခ) နဲ့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေပုဒ်မ ၂၅ အပါအဝင် စုစုပေါင်း အမှု ၈ မှုကို သက်‌သေအထောက်အထား မခိုင်မာဘဲ လုပ်ကြံဖန်တီးပြီး တရားစွဲဆိုခဲ့ကြပါတယ်။

လူထုထောက်ခံမှုရရှိတဲ့ ခေါင်းဆောင်ကို ဖမ်းဆီးပြီး ယခုအချိန်ထိ မဖော်ပြတဲ့ နေရာတခုမှာ ဖမ်းဆီးထားခြင်းဟာ လူ့အခွင့်အရေးကို အလွန်အကျွံ ချိုးဖောက်ခဲ့တာဖြစ်တယ်။ ဘယ်နေရာမှာ ဖမ်းဆီးချုပ်‌နှောင်ထားတယ်ဆိုတာကို တရားဝင် မထုတ်ပြန်ခဲ့ပါဘူး။ အများပြည်သူလူထုသာမက ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ပင် မသိခဲ့ရပါဘူး။

အကြမ်းဖက်စစ်အုပ်စုဟာ အာဏာလုယူပြီး ဖမ်းဆီးထိန်းသိမ်းခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းပြီး နှစ်ပတ်အကြာ ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ ဗီဒီယိုအွန်လိုင်းစနစ်နဲ့ ပထမဆုံးအကြိမ် ရုံးထုတ် ရမန်ယူခဲ့ပါတယ်။ အဲဒီနောက် မေလ ၂၄ ရက်နေ့ကစပြီး နေပြည်တော်ကောင်စီရုံးဝန်းထဲမှာ သီးသန့်တရားရုံးတခု ဖန်တီးပြီး လူကိုယ်တိုင် စတင်ရုံးထုတ်ခဲ့တာ ဖြစ်သလို ရုံးချိန်းကိုလည်း တပတ်ကို တနင်္လာနဲ့ အင်္ဂါ နှစ်ရက် ရုံးထုတ်စစ်ဆေးလာခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီကာလအတောအတွင်း စစ်ကောင်စီဟာ ကိုဗစ်‌ရောဂါ ကူးစက်ပြန့်ပွားနေတာကို အကြောင်းပြပြီး ရုံးပိတ်ရက်ရှည်တွေ ကြေညာခဲ့တာကြောင့် အချိန်နှစ်လတိတိကြာ အမှုတွေကို မစစ်ဆေးဖြစ်ခဲ့ဘဲ ရှေ့နေတွေနဲ့ အဆက်အသွယ်ပြတ်ခဲ့ပြန်ပါတယ်။ အဲ့ဒီကနေ စစ်အုပ်စုဟာ အချိန်တွေဆွဲလာခဲ့ပြီး ၂၀၂၂ ဒီဇင်ဘာ ၃၀ ရက်နေ့ကျမှ နေပြည်တော် အချုပ်ထောင်တွင်း အထူးတရားရုံးကနေ အပြစ်ကျူးလွန်မှု မရှိပါဘဲနဲ့ အသက် ၇၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ လူထုခေါင်းဆောင်ကို ထောင်ဒဏ် ၃၃ နှစ်နဲ့ နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်ကို ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခဲ့ကြပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာလုယူပြီးတဲ့ နောက်ပိုင်း တရားမဲ့လုပ်ရပ်ကို လက်မခံဘဲ ဆန့်ကျင်ကြတဲ့ ပြည်သူလူထုနဲ့ နိုင်ငံရေးသမားတွေ၊ ကျောင်းသားတွေ၊ ဝန်ထမ်းတွေ၊ ဆရာ ဆရာမတွေ စတဲ့ လူထုလူတန်းစားပေါင်းစုံကို အကြမ်းဖက်စစ်ကောင်စီ တရားရုံးတွေက ချမှတ်တဲ့ အမိန့်တွေဟာ ဥပဒေတွေနဲ့ မညီညွတ်ဘူးဆိုပြီး နိုင်ငံရေးအမှုတွေကို အယူခံမတက်တော့တာတွေလည်း ရှိပါတယ်။

ဒါပေမဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်‌အောင်ဆန်းစုကြည်ရဲ့ သဘောကတော့ တရားဥပဒေ လုပ်ထုံးလုပ်နည်းအတိုင်း အဆင့်ဆင့်လုပ်ဆောင်ဖို့ ဆန္ဒရှိတယ်လို့ နီးစပ်သူတွေက ပြောကြပါတယ်။ ဒါကို နိုင်ငံ‌ရေးသမားတချို့နဲ့ ပြည်သူတချို့က မတရား အမိန့်ချထားမှန်း သိပါလျက် စစ်ဗိုလ်ယုတ်ကြီးတွေထံ အယူခံတက်စရာ၊ အသနားခံစရာ မလိုဘူးလို့ မှတ်ယူ အထင်လွဲကြပါတယ်။ ဒါကိုရှင်းပြချင်လို့ ဒီဆောင်းပါးကို ရေးသားရခြင်း ဖြစ်ပါတယ်။

တကယ်တော့ မတရားအမိန့်ချထားတဲ့ အမှုတွေကို အမိန့်ချသူတွေထံ အယူခံတက်တယ် ဆိုတာဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီက စစ်ဗိုလ်ယုတ်ကြီးတွေ မတရားသဖြင့် သူတို့ဘက်ကို တဖက်စောင်းနင်း အသာယူ ရေးဆွဲထားတဲ့ ၂၀၀၈ နာဂစ်ဖွဲ့စည်းပုံအ‌ခြေခံဥပဒေဟာ တရားမျှတမှု မရှိဘူးဆိုတာ သိပါလျက်နဲ့ အဲ့ဒီ စစ်ကျွန်ဥပဒေအောက်မှာ ကျင်းပမယ့် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကို ဝင်ရောက်ခဲ့ကြတာနဲ့ အတူတူပါပဲ။ မတရားမှန်းသိလျက်နဲ့ နိုင်ငံရေးကစားပြီး မိမိရည်မှန်းချက်ဖြစ်တဲ့ အများပြည်သူ အာဏာပိုင်စိုးတဲ့ ဒီမိုကရေစီစနစ်ကို ရောက်မယ့်လမ်းကို ဖောက်ခဲ့ကြတဲ့ သမိုင်းဝင်အရွေ့တခုပဲ မဟုတ်ပါလား။

ဒါကြောင့် မတရားအမိန့်ချထားတဲ့အမှုတွေကို အမိန့်ချသူ စစ်အာဏာရှင်တွေထံ အယူခံတက်တယ် ဆိုတာဟာ အသနားခံတာ၊ ဒူးထောက်တာလို့ မရှုမြင်ဘဲ စွပ်စွဲခံထားရသူတွေအတွက် ဥပဒေပါ အခွင့်အရေးတွေအတိုင်း ကြိုးစားတာသာဖြစ်ပြီး တချိန်မှာ သမိုင်းမှတ်တမ်းအဖြစ် ကျန်ခဲ့ဖို့ လုပ်ဆောင်တာသာဖြစ်တယ်လို့ တရားရေး အသိုင်းအဝန်းကလည်း ယူဆကြပါတယ်။

ဒါကြောင့်မို့လို့လည်း စစ်အာဏာရှင်အစိုးရ အဆက်ဆက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အဖွဲ့ဝင်တွေ အပါအဝင် နိုင်ငံရေးလှုပ်ရှားတက်ကြွ ပါဝင်ကြတဲ့ ပြည်သူတွေဟာ စစ်ခုံရုံးတွေရဲ့ ကြိုတင်အမိန့်ချထားပြီးသား အမှုတွေဖြစ်လို့ မနိုင်နိုင်မှန်းသိပေမဲ့ အဆုံးအထိတိုင် အယူခံတင်ပြီး တရားစီရင်ရေးတိုက်ပွဲ ဝင်သွားခဲ့ကြရင်း စစ်အာဏာရှင်တို့ရဲ့ မတရား ဥပဒေချိုးဖောက်မှု သမိုင်းမှတ်တမ်းတွေကို ပြည်တွင်းမှာသာမက ပြည်ပက ကမ္ဘာ့နိုင်ငံတွေအထိ သက်သေထား ရေးထိုးခဲ့ကြပါတယ်။

ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် ရမ်းကားကြမ်းကြုတ်တဲ့ စစ်အုပ်စု အာဏာလုယူခဲ့ပြီးတဲ့နောက် လက်နက်အားကိုး ဗိုလ်ကျတဲ့ ဓလေ့ကို ဝိုင်းဝန်းဆန့်ကျင်ကြတဲ့ တိုင်းရင်းသား မိဘပြည်သူ ရဟန်းရှင်လူ ကျောင်းသားတွေ၊ သိတတ်နားလည်ကြတဲ့ CDM ဝန်ထမ်းတွေကို စစ်အာဏာရူးတွေဟာ သူတို့လက်ထဲက တရားစီရင်ရေးအာဏာကို အလွဲသုံးစားပြုပြီး ဥပဒေကို လက်တလုံးခြား လှည့်ပတ်လို့ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌အစွမ်းကုန်ယုတ်မာရင်း မတရားအမှုဆင်ပြီး အပြစ်ဒဏ်အမျိုးမျိုး ပေးခဲ့ကြရာမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး ဦးဝင်းမြင့်တို့လည်း ပါဝင်‌ခဲ့ပါတယ်။

နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတဦးက စစ်အာဏာရှင်ရဲ့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာ ကြားနာမယ့် အယူခံအမှုဟာ ဒေါ်အောင်ဆန်းစုကြည်ဘက်က နိုင်ခြေမရှိဘူးလို့ ပြောပါတယ်။ ဒါပေမဲ့ “rule of law” ဆိုတဲ့ အမြင်နဲ့ သွားတာ၊ တနေ့ကျမှ အဲဒီအယူခံ မှတ်တမ်းတွေနဲ့ rule of law ရှိမရှိ မှတ်တမ်းတင်ဖို့  ဒေါ်အောင်ဆန်းစုကြည်ဘက်က လူသားတယောက်ရဲ့ မွေးရာပါအခွင့်အရေး မဆုံးရှုံးအောင် နိုင်ငံရေးအရ ခုခံကာကွယ်မှုသဘော (Political Defense) နဲ့ တရားဥပဒေကြောင်းအရ ခုခံကာကွယ်မှုသဘော (Legal Defense) အဖြစ် အယူခံတက်တာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်အာဏာရှင်ရဲ့ တရားရုံးမှာ အမှုတွေ ရင်ဆိုင်ရတဲ့အခါ မနိုင်နိုင်မှန်းသိရက်နဲ့ ဘာကြောင့် နောက်ဆုံးအဆင့်ဆင့်ထိ အယူခံဝင်ရတယ် ဆိုတာက တဖက်မှာ နိုင်ငံရေးအကျဉ်းသားတွေကို ပြည်သူ့ရှေ့နေတွေက ပစ်မထားဘဲ ခွန်အားပေးတာဖြစ်သလို တဖက်မှာတော့ ဒီလို မတရားစီရင်ခဲ့တဲ့ အမှုတွေဟာ မြန်မာ့တရားစီရင်ရေးသမိုင်းမှာ ဘယ်တော့မှ ပျောက်ပျက်မသွားမယ့် မတရားမှုတွေအဖြစ် သမိုင်းမှာ မှတ်တမ်းတွေ ကျန်ရစ်ခဲ့မယ်လို့ လူထုခေါင်း‌ဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ဖူးပါတယ်။

ပြည်သူ့တော်လှန်ရေး အောင်ပွဲခံရမယ့်နေ့တွေဆီ မလွဲမသွေ ရောက်လာချိန်မှာတော့ ဥပဒေမဲ့ ရမ်းကားယုတ်မာခဲ့တဲ့ စစ်အုပ်စုရဲ့ မတရားမှု အစုစုနဲ့ သူတို့ကျူးလွန်ခဲ့တဲ့ မြောက်မြားစွာသော စစ်ရာဇဝတ်မှု အမျိုးမျိုးအတွက် ပြည်သူတွေစုဆောင်းထားကြတဲ့ သန်းနဲ့ချီတဲ့ သက်သေခံ အထောက်အထား များစွာအနက် ဒီတရားစီရင်‌ရေးတိုက်ပွဲတွေဟာလည်း အရေးပါတဲ့ သမိုင်းမှတ်တမ်းတွေ ဖြစ်လာကြမှာဖြစ်သလို ခွင့်မလွှတ်ထိုက်တဲ့အပြစ်တွေကို ကျူးလွန်ခဲ့ကြသူတွေ မဖြစ်မနေ ပြန်လည်တာဝန်ခံ၊ တာဝန်ယူရစေမယ့် ငြင်းမရမယ့် ဓမ္မသစ္စာ တရားမှတ်တမ်းတွေလည်း ဖြစ်ပါတယ်။

ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်‌ ပြောကြားခဲ့တဲ့ ဥပဒေကို သတ္တိရှိရှိ လေးစားလိုက်နာဖို့ မှတ်သားဖွယ် စကားရပ်တွေနဲ့ ဒီဆောင်းပါးကိုအဆုံးသတ်လိုက်ပါတယ်။

"ဘယ်လိုဥပဒေပဲဖြစ်ဖြစ် ကျွန်မတို့ လိုက်နာကြရမယ်။ ရှင်တို့ ကျွန်မကို မတရားတဲ့ ဥပဒေတွေနဲ့တရားစွဲ၊ စီရင်ချက်တွေ အမျိုးမျိုးချခဲ့သမျှ ကျွန်မ ဘယ်တုန်းက ငြင်းဆန်ခဲ့ဖူးသလဲ၊ ကျွန်မ ဘယ်လိုတုံ့ပြန်ခဲ့ဖူးသလဲ။"

"နိုင်ငံသားကြီးသားပီသစွာ ဥပဒေကို လေးစား လိုက်နာရမယ်ဆိုတဲ့အကြောင်း ကျွန်မ နိုင်ငံသားတွေကို စံပြပေးရင်း ရှင်တို့ အပြစ်ဒဏ်ချသမျှ ကျွန်မရင်ဆိုင် ခံယူပြခဲ့တယ်လေ။"

"အခုလည်း ကမ္ဘာကြီးက ဥပဒေအရ ကျွန်မနဲ့ ရှင်တို့ကို တရားဥပဒေအရ စွဲချက်တင်တာ ကျွန်မတို့ရင်ဆိုင်ရမှာပဲ။ ဒီနေရာမှာလည်း ကမ္ဘာကြီးရဲ့ ဥပဒေတရားသည်ဖြစ်စေ မတရားသည်ဖြစ်စေ ကျွန်မတို့ ခုခံကာကွယ်လျှောက်လဲရင်း စီရင်ချက်ကို ကျွန်မတို့ စံပြအဖြစ် လိုက်နာသွားကြဖို့ ကျွန်မကိုယ်ကျွန်မ ဆုံးဖြတ်ထားတယ်။"

"ဥပေဒဆိုတာ လေးစားလိုက်နာရတဲ့အကြောင်း ကျွန်မကိုယ်ကို အရင်းတည်ပြီး စံပြအဖြစ် ခံယူသွားမယ်၊ ဥပဒေကို ချိုးဖောက်ရင် ဥပဒေရဲ့ စီရင်ခြင်းကိုခံရမှာ ဓမ္မတာပါပဲ။"

"ကျွန်မရဲ့ကြောက်ရွံ့ခြင်းမှ ကင်းဝေးရာဆိုတဲ့စာအုပ် အလကားရေးထုတ်ခဲ့တာမဟုတ်ဘူး။ ကျွန်မရဲ့ ယုံကြည်ရာကမ္ဘာကြီးကို စံနမူနာပြဖို့ ကျွန်မကိုယ်နဲ့ရင်း ရေးထိုးပြခဲ့တာ။"

"ရှင်တို့လည်း ကျွန်မလို သတ္တိရှိဖို့ ပြင်ဆင်ခဲ့ကြ…. "

ဒေါ်အောင်ဆန်းစုကြည်
(နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်)

မင်းကောင်းချစ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024