Home
အားကစား
ဒိုင်ကို လာဘ်ပေးမှုစွဲချက်ဖြင့် ဘာစီလိုနာအသင်း စစ်ဆေးခံရ
DVB
·
September 29, 2023

စပိန်ဘောလုံးကလပ် ဘာစီလိုနာအသင်းဟာ ဒိုင်လူကြီးကော်မတီအပေါ် “လာဘ်ပေးမှု” ပြုလုပ်ခဲ့တယ်လို့ စွပ်စွဲခံထားရတာကြောင့် စုံစမ်းစစ်ဆေးမှုအတွင်း ပါဝင်လာတယ်လို့ စက်တင်ဘာ ၂၈ ရက်မှာ တရားရုံးရဲ့ စာရွက်စာတမ်းတခုအရ သိရပါတယ်။

ဒီကော်မတီမှာ ဆယ်စုနှစ်နှစ်ခုကြာ အကျင့်ပျက်ခြစားမှု ရှိနေတယ်ဆိုတဲ့ သံသယနဲ့ ပတ်သက်ပြီး စပိန်ဘောလုံးအဖွဲ့ချုပ် (RFEF) ရဲ့ မက်ဒရစ်မြို့က ရုံးတွေကို ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ ရဲတပ်ဖွဲ့အနေနဲ့ ရှာဖွေခဲ့တယ်လို့ သိရပါတယ်။

ဒါဟာ စပိန်ဒိုင်လူကြီးကော်မတီအတွင်း “ဖြစ်နိုင်ချေရှိတဲ့ စနစ်တကျ အဂတိလိုက်စားမှု” အပေါ် ဆက်လက်စုံစမ်းနေမှုရဲ့ တစိတ်တပိုင်းဖြစ်တယ်ဆိုပြီး ဘာစီလိုနာတရားရုံးက မှတ်ချက်ပေးပါတယ်။

ဒါကြောင့် ဘာစီလိုနာအသင်းကိုပါ သံသယရှိသူအဖြစ် ထည့်သွင်းနိုင်ဖို့အတွက် ဒိုင်လူကြီးဆိုင်ရာ စုံစမ်းစစ်ဆေးမှုမှာ တိုးချဲ့မှုတွေ ပြုလုပ်နေပြီ ဖြစ်ပါတယ်။

စုံစမ်းစစ်ဆေးရေး တရားသူကြီးဖြစ်သူ ဟွာကင် အာဂီရေ လိုပက်ဇ် ကတော့ စပိန်ကလပ်အနေနဲ့ လာဘ်ပေးထားမှုကြောင့် အကျိုးရလဒ်ရှိနိုင်တယ်ဆိုပြီး ပြီးခဲ့တဲ့ စက်တင်ဘာလ အစောပိုင်းမှာ ပြောကြားထားပါတယ်။

၁၉၉၃ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း RFEF ရဲ့ ဒိုင်လူကြီးများကော်မတီမှာ ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့တဲ့ ဟိုဆေး မာရီယာ အန်ဒရီကတ်ဇ် နီဂရီယာရဲ့ လုပ်ငန်းတွေကို ဘာစီလိုနာအသင်းက အမေရိကန်ဒေါ်လာ ၇ ဒသမ ၈ သန်းကျော်အထိ ၁၇ နှစ်တာ ကာလအတွင်း ပေးချေခဲ့တယ်လို့ အစိုးရရှေ့နေတွေအနေနဲ့ ပြီးခဲ့တဲ့မတ်လမှာ တိုင်ကြားခဲ့တာပါ။

ဘာစီလိုနာအသင်းဘက်ကတော့ “ပရော်ဖက်ရှင်နယ် ပွဲကြီးကြပ်မှုနဲ့ ပတ်သက်တဲ့ နည်းစနစ်ဆိုင်ရာ အစီရင်ခံစာတွေ” ပံ့ပိုးပေးခဲ့သူ ပြင်ပအတိုင်ပင်ခံတဦးကို ပုံမှန်အတိုင်း ငွေပေးချေခဲ့တဲ့ သဘောသာဖြစ်ပြီး ဒါဟာ “ပရော်ဖက်ရှင်နယ် ဘောလုံးအသင်းတွေကြားမှာ ကျင့်သုံးလေ့ရှိတဲ့ အလေ့အထတခုသာဖြစ်တယ်” လို့ တုံ့ပြန်ထားပါတယ်။

လွန်ခဲ့တဲ့ ဖေဖော်ဝါရီလက ဘာစီလိုနာအသင်းရဲ့ ထုတ်ပြန်ချက်ထဲမှာလည်း ဘာအမှားမှ ကျူးလွန်ထားတာမျိုး မရှိဘူးလို့ ငြင်းဆိုခဲ့ပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024