နယ်သာလန်နိုင်ငံ၊ ရော့တာဒမ်မြို့မှာ စက်တင်ဘာ ၂၈ ရက်က တက္ကသိုလ်ဆေးရုံဝင်းထဲရှိ စာသင်ခန်းတခုအနီး နေအိမ်တလုံးကို သေနတ်သမားတယောက်က ဝင်ရောက် ပစ်ခတ်ခဲ့တာကြောင့် ကျောင်းဆရာမတယောက်နဲ့ ဒေသခံအမျိုးသမီးတယောက် သေဆုံးသွားခဲ့ကြောင်း ဒတ်ချ်ရဲတပ်ဖွဲ့က ပြောပါတယ်။
အသက် ၃၂ နှစ်အရွယ် သံသယရှိသူ တက္ကသိုလ်ကျောင်းသားဟာ အနီးနားမှာ နေထိုင်တဲ့ အသက် ၃၉ နှစ်အရွယ် အမျိုးသမီး တယောက်ကို သေနတ်နဲ့ ပစ်ခတ်ခဲ့ပြီး ၁၄ နှစ်အရွယ် သမီးငယ်က ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ရုပ်မြင်သံကြား သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
သေနတ်သမားဟာ အဲဒီအမျိုးသမီးရဲ့အိမ်ကို မီးရှို့ပြီးနောက် ရော့တာဒမ် ဆေးဘက်ဆိုင်ရာစင်တာ တက္ကသိုလ်ဆေးရုံကို သွားရောက်ကာ စာသင်ခန်းအတွင်း ဝင်ရောက်ခဲ့ပြီးတော့ အသက် ၄၆ နှစ်အရွယ် ဆရာမကို သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအမျိုးသားကို သူ မီးရှို့နေတဲ့ ဆေးရုံအနီးမှာ ဖမ်းမိခဲ့ပါတယ်။ သူ့ရဲ့ ဒီလိုကျူးလွန်ရတဲ့ ရည်ရွယ်ချက်ကို မသိရသေးပါဘူး။
သံသယရှိသူမှာ အာရာ့စ်မတ်စ် တက္ကသိုလ်မှ ကျောင်းသားဖြစ်ပြီး ညနေ ၃ နာရီခွဲလောက်မှာ အဖမ်းခံရတဲ့အခါ သူ့အိတ်ကပ်ထဲမှာ သေနတ်တစ်လက်နဲ့ ကျည်ကာအင်္ကျီတစ်ထည် ဝတ်ထား ကြောင်းနဲ့ တရားခံက တယောက်တည်း ကျူးလွန်ခဲ့တာလို့ အတည်ပြုနိုင်ကြောင်း ဒတ်ခ်ျရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဖရက်ဒ် ဝက်စ်တာဘိခ်က ပြောပါတယ်။
သံသယရှိသူဟာ ၂၀၂၁ ခုနှစ်မှာ တိရစ္ဆာန်အလွဲသုံးစားပြုမှုနဲ့ တရားစွဲခံရကြောင်း ပြစ်မှုမှတ်တမ်း ရှိထားတယ်လို့ ရော့တာဒမ်ရဲ့ အစိုးရရှေ့နေချုပ် ဟူးဂိုး ဟီလ်လက်နာက ပြောပါတယ်။
Source/Photo-Reuters