Home
မြန်မာသတင်း
ကလေးမြို့နယ်တွင် တိုက်ပွဲပြင်းထန်၊  ချင်းတွင်းမြစ်အတွင်း စစ်ရေယာဉ်အုပ်စုနှင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်
DVB
·
September 28, 2023

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း၊ တင်သားအုပ်စုဘက်က တိုက်ပွဲအတွင်းမှာ ဒေသခံ PDF တွေဘက်က ထိခိုက်သေဆုံးမှု ရှိနေပြီး တိုက်ပွဲအတွင်း လက်နက်ကြီးကြောင့် ဒေသခံ ၄ ဦး လက်နက်ကြီးထိမှန် သေဆုံးခဲ့ပါတယ်။

စက်တင်ဘာ ၂၆ ရက်နဲ့ ၂၇ ရက်က ကြံသာရွာကနေ ထွက်လာတဲ့ စစ်ကောင်စီတပ် ပူးပေါင်းအင်အား ၁၀၀ ဝန်းကျင်ပါ စစ်ကြောင်းနဲ့ ဒေသခံ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ကြား အောင်သာယာရွာနဲ့ မှန်တောရွာအနီးမှာ တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

အဆိုပါတိုက်ပွဲအတွင်း ဒေသခံ ကာကွယ်ရေးပူးပေါင်းတပ်ဘက်က ရဲဘော် ၂ ဦး ကျဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိထားကာ တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ရှားဖိုရွာက ဒေသခံ ၄ ဦး ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

CDF-KKG ပြန်ကြားရေးတာဝန်ခံက “စစ်ရေးအခြေအနေကတော့ အခု စောင့်ကြည့်နေကြတယ်။ ၂ ရက်အတွင်း တိုက်ပွဲက ၂ ကြိမ် ဖြစ်ခဲ့တာ။ စစ်ကောင်စီဘက် ထိခိုက်သေဆုံးမှုတော့ ရှိနိုင်ပေမဲ့ အတည်ပြုလို့မရဘူး။ ကျနော်တို့ဘက်က KKG အဖွဲ့ဝင်တဦးနဲ့ ပကဖအဖွဲ့ဝင်တဦး‌ ကျဆုံးတယ်။ ရဲ‌ဘော် ၃ ယောက် ဒဏ်ရာရတယ်” လို့ ပြောပါတယ်။

တိုက်ပွဲအပြီးမှာ စစ်ကောင်စီက အောင်သာယာရွာနဲ့ မှန်တောရွာက နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ သိရပြီး အဲ့ဒီရွာက ဒေသခံတွေကတော့ ကျေးရွာတွင်းမှာ မနေထိုင်ကြဘဲ တိမ်းရှောင်နေကြတာ တနှစ်ကျော် ကြာမြင့်နေပါပြီ။

ကလေးနယ် ဒေသခံတဦးက “ရှားဖိုးရွာက ညီအမ ၃ ယောက်က လက်နက်ကြီးကျပြီး တအိမ်တည်းမှာ ပွဲချင်းပြီးသေတာ။ နောက်တယောက်ကတော့ အသက် ၁၆ နှစ်အရွယ် ကောင်မလေးသေတာ။‌ လက်နက်ကြီးသံတွေ ကြားပြီး ထိတ်လန့်လို့ မီးနေသည်တဦးလည်း သေတယ်” လို့ ပြောပါတယ်။

အဲ့ဒီတိုက်ပွဲတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာတော့ ကလေးမြို့နယ် အောင်သာယာတိုက်ပွဲမှာ PDF တပ်ဖွဲ့ဝင် ရုပ်အလောင်း ၂ ဦး အပါအဝင် AK သေနတ် ၂ လက်နက်နဲ့အတူ လက်နက်ခဲယမ်းတချို့ကို သိမ်းဆည်းရမိထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

အောင်သာယာရွာနဲ့ မှန်တောရွာ တိုက်ပွဲတွေကြောင့် အနီးပတ်ဝန်းကျင်က ကျေးရွာတွေဖြစ်တဲ့ တင်သားရွာ၊ အောင်မင်္ဂရွာနဲ့ ရှားဖိုရွာက ဒေသခံ သောင်းချီဟာလည်း စိုးရိမ်ထိတ်လန့် ကြောက်ရွံ့မှုတွေ ရှိနေတယ်လို့ ပြောကြပါတယ်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာတော့ အလုံမင်းဒေါင့်ဆိပ်ကမ်းကနေ ထွက်ခွာလာတဲ့ ရေယာဉ် ၁၅ စီးပါ စစ်ရေယာဉ်အုပ်စုကို ဒေသတွင်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့က စက်တင်ဘာ ၂၈ ရက် မနက် ၉ နာရီကျော်မှာ စတင်တိုက်ခိုက်ခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် စစ်ရေယာဉ်အုပ်စုထဲက ရေယာဉ်တစီး ထိမှန်ပျက်စီးကာ လက်နက်ကြီး လက်နက်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း-၄ က ပြောပါတယ်။

တပ်ရင်း-၄ အဖွဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူက “စကစ ရေယာဉ် ၁၅ စီးကို ပွိုင့် ၂ ခုခွဲပြီး ပြောင်းတိုက် လက်နက်ကြီး လက်နက်‌ငယ်တွေနဲ့ ကျနော်တို့ဘက်ကတိုက်တာ၊ စကစဘက်ကလည်း မြောက်တွေ စက်သေနတ်တွေနဲ့ ပြန်ပစ်တယ်။ ကျနော်တို့ပစ်လိုက်တာ စစ်သင်္ဘောတစီးကို ထိပြီး မီးခိုးလုံးတွေ ထွက်လာကာ ပြန်မပစ်နိုင်တော့ဘူး။ ကျနော်တို့ဘက်က အထိအခိုက်မရှိ ပြန်ဆုတ်နိုင်ခဲ့တယ်။ ထိုးစစ်တိုက်နေတာမို့ လက်နက်ခဲယမ်းတွေ လိုအပ်နေပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်တာကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း-၄၊ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း-၄၊ တပ်ခွဲ-၃၊ Monywa NightKing PDF၊ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း-၄၊ တပ်ခွဲ-၄၊ ၅/Teachers People Defense Force၊ Chindwin Toe Na Yar PDF၊ Fight For Freedom (F3)၊ Chindwin Defense Force (CDF)၊ ရွှေညီအကိုပြောက်ကျားတပ်ဖွဲ့၊ One Star Task Force အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ကြတာဖြစ်တယ်လို့ တပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

ချင်းတွင်းမြစ်အတွင်းက စုန်ဆင်းလာတဲ့ စစ်ဖလပ်မော်တော်တွေပေါ်ကနေ ပစ်ခတ်လို့ ဆားလင်းကြီး ဝဲကွဲရွာက ဘုရား စေတီနဲ့ ဘုန်းတော်ကြီးကျောင်း အပါအဝင် လူနေအိမ် ၁၀ လုံးကျော် ပျက်စီးခဲ့တယ်လို့ ဒေသခံ ပြည်သူတွေဆီက သိရပါတယ်။

အဆိုပါ စစ်ကောင်စီ ဖလပ်မော်တော်တွေဟာ ဒီနေ့မနက်အစောပိုင်းက မုံရွာမြို့နယ်၊ အလုံမြို့ စစ်ပင်ဆိပ်ကမ်းကနေ ချင်းတွင်းမြစ်အောက်ပိုင်းကို စစ်သင်္ဘော ၃ စီး၊ မိုးကာအုပ်ထားတဲ့ ကျောက်စိမ်းတင်ဖလက် ၄ စီး၊ သစ်တင်ဖလပ် ၂ စီး၊ ကြေးပြားတင်ဖလပ် ၂ စီး၊ ကျန်ဖလပ်တွေ အပါအဝင် စုစုပေါင်း ၁၅ စီးနဲ့ စုန်ဆင်းလာတာလို့ ဒေသခံတွေက ပြောပါတယ်။

ဆားလင်းကြီးနယ်ခံ ကိုဩက “မော်တော်တွေလာပြီဆိုတာနဲ့ ကျနော်တို့ မြစ်ကမ်းဘေးနေတဲ့ ကျေးရွာက အရပ်သားတွေကတော့ ပြေးရတာပါပဲ။ ဒီနေ့လည်း မြစ်ထဲက စစ်မော်တော်ဖလပ်ပေါ်ကနေ ပစ်ခတ်လို့ ကျနော်တို့ ဝဲကြီးရွာက ဘုန်းကြီးကျောင်း ပျက်စီးတယ်ဗျာ။ ဘုရားစေတီတွေလည်း ပျက်စီးတယ်၊ လူနေအိမ် ၁၀ လုံးကျော်လည်း ပျက်စီးခဲ့တယ်ဗျ။ နောက်ပြီး နွားတကောင်လည်း ကျည်ထိမှန်သေတာလည်း ရှိတယ်ဗျ။ ဘာလို့ပစ်တာလဲ ဆိုတာကတော့ သူတို့ လက်သရမ်းပြီး ပစ်ခတ်ချင်တိုင်း ပစ်ခတ်နေကြတာပဲ။ ကျနော်တို့ပြည်သူတွေက ဘာကြောင့်ပစ်ခတ်တယ်ဆိုတာတော့ မသိဘူးလေဗျာ” လို့ ပြောပါတယ်။

အခုလို စစ်‌ကောင်စီတပ်က ချင်းတွင်းမြစ်အတွင်း ရေယာဉ်တွေ ကနေ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ပစ်ခတ်ခဲ့လို့ ကနီမြို့နယ် ချင်းတွင်းမြစ်ကမ်းဘေးက ကင်းကျေးရွာ၊ ငါးဖျက်ကျေးရွာ၊ မုဌေါကျေးရွာက ဘုရား စေတီ၊ ဘုန်းကြီး‌ေကျာင်း၊ စာသင်ကျောင်းနဲ့ လူနေအိမ် အများအပြားလည်း ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024