မြောက်ကိုရီယားဟာ အမေရိကန်ရဲ့ ရန်စမှုတွေကို ဟန့်တားဖို့အတွက် နျူးကလီးယား လက်နက်တွေ ထုတ်လုပ်မှုကို အရှိန်မြှင့်သွားမယ်လို့ ခေါင်းဆောင် ကင်မ်ဂျုံအန်းက ပြောတဲ့အကြောင်း စက်တင်ဘာ ၂၈ ရက်မှာ နိုင်ငံပိုင်မီဒီယာ KCNA သတင်းမှာ ဖော်ပြပါတယ်။
မြောက်ကိုရီးယားဟာ သူ့ရဲ့တည်ရှိခွင့်နဲ့ စစ်ပွဲကို တားဆီးခွင့် ရှိစေဖို့ကို သေချာအောင် နျူးကလီးယားလက်နက်တွေ အများကြီး တီထွင်ထုတ်လုပ်နိုင်ခွင့်ရှိတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်ပြင်ဆင်သတ်မှတ်ဖို့ တညီတညွတ်တည်း အတည်ပြုခဲ့ကြောင်း KCNA သတင်းဌာနက ထုတ်ပြန်ပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ “နျူးကလီးယားလက်နက်တွေ ထုတ်လုပ်မှုကို အရှိန်အဟုန် မြှင့်တင်ဖို့နဲ့ နျူးကလီးယား တိုက်ခိုက်မှုနည်းလမ်းတွေကို ကွဲပြားစေပြီး ဌာနအမျိုးမျိုး ဖြန့်ဝေချထားဖို့” တွေကို တောင်းဆိုခဲ့ပါတယ်။
အမေရိကန်ဟာ စစ်ရေးလေ့ကျင့်မှုတွေနဲ့ ဒေသတွင်း မဟာဗျူဟာမြောက် ပိုင်ဆိုင်မှုတွေကို ဖြန့်ကျက်လာခြင်းအားဖြင့် သူ့ရဲ့ စစ်ရေးရန်စမှုတွေက အဆုံးစွန်ရောက်သွားပြီလို့လည်း ပြောပါတယ်။
မြောက်ကိုရီးယားဟာ သူ့ကိုယ်သူ ကြိုတင်ကာကွယ်ဖို့အတွက် နျူးကလီးယား တိုက်ခိုက်မှုတွေကို အသုံးချပိုင်ခွင့်ရှိတဲ့ ဥပဒေတွေကို တရားဝင်ပြဋ္ဌာန်းခဲ့ပြီး ၁ နှစ်အကြာမှာပဲ ခုလို ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက်ကို အတည်ပြုလိုက်တာ ဖြစ်ပါတယ်။
Source/Photo-Reuters