ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ကဇူးကျေးရွာမှာ စက်တင်ဘာ ၂၇ ရက် နေ့လယ်မှာ စစ်ရှောင်အမျိုးသား ၈ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုင်ပွဲတွေကြောင့် ကဇူးကျေးရွာက ဘုရားကျောင်းအတွင်း လာရောက်တိမ်းရှောင်နေတဲ့ နန်ဆမ်ယန်ကျေးရွာက အမျိုးသား ၈ ဦးကို စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။
ကဇူးဒေသခံတဦးက "နေ့လယ် ၁ နာရီကျော်လောက်က ကဇူး ဘုရားကျောင်းထဲကို စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့က ကားတစီးနဲ့ ဝင်လာတယ်၊ ကားပေါ်မှာ ပါလာတာ အင်အား ၁၅ ဦးလောက်ရှိမယ်။ အဲ့ဒါ နန်ဆမ်ယန်ဘက်ကနေ တိုက်ပွဲဖြစ်လို့ လာရှောင်နေတဲ့ စစ်ဘေးရှောင် အမျိုးသား ၈ ဦးကို ဖမ်းခေါ်သွားတယ်။ ဘာကြောင့် ဖမ်းလဲတော့မသိဘူး" လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လဆန်းကစတင်ပြီး ကချင်လွတ်မြောက်ရေးတပ် (KIA) ဌာနချူပ်ရှိရာ လိုင်ဇာမြို့ကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်နဲ့ KIA တို့ တိုက်ပွဲ ပြင်းထန်လာလို့ နမ်ဆန်ယန်ကျေးရွာက ဒေသခံပြည်သူတွေဟာ ကဇူးကျေးရွာက KBC အသင်းတော်တွေမှာ စစ်ဘေးတိမ်းရှောင်နေကြရတာပါ။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ်အတွင်းက ဝိုင်းမော်၊ မြစ်ကြီးနား၊ ဆွမ်ပရာဘွမ်၊ ဖားကန့်၊ ဗန်းမော်၊ လိုင်ဇာနဲ့ ရွှေကူ စတဲ့မြို့နယ် နေရာအချို့မှာ စစ်ကောင်စီတပ်နဲ့ KIA တို့ စစ်ရေး တင်းမာနေပြီး ထိတွေ့တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေပါတယ်။
မြစ်ကြီးနားမြို့မှာလည်း စက်တင်ဘာ ၂၇ ညနေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စီးလာတဲ့ မော်တော်ယာဉ် ၃ စီး လက်နက်ကြီးနဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျွန်းပင်သာရပ်ကွက် အေးစေတီကုန်းဆင်းအနီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့(စရဖ)တွေ စီးနင်းလာတဲ့ ကား ၃ စီး မြစ်ကြီးနား အကျဉ်းထောင်ဘက် သွားရောက်စဉ် လက်နက်ကြီးနဲ့ ပစ်ခတ်ခံခဲ့ရတာလို့ ဆိုပါတယ်။
ကျွန်းပင်သာရပ်ကွက်မှာ နေထိုင်သူတဦးက "ညနေ ၅ နာရီလောက်က စစ်ကောင်စီကား နှစ်စီးနဲ့ စရဖ အဖွဲ့ကားတစီး ထောင်ဘက်ကိုအသွား အေးစေတီကုန်းနားမှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခံရတာ။ လက်နက်ကြီး တလုံးပါပဲ။ ထိခိုက်မှု အခြေအနေတော့မသိရဘူး။ ပစ်ခတ်တိုက်ခိုက်ခံရအပြီး စစ်ကားတွေရောက်လာပြီး လမ်းပိတ် စစ်ဆေးတာတွေလုပ်နေတယ်" လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စီးနင်းလာတဲ့ ကား ၃ စီးကို ၄၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြောက်ပိုင်း ညီနောင်များအဖွဲ့ (NBPDF)က ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၄ ရက်ကလည်း မြစ်ကြီးနားမြို့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်လေတပ်စခန်းကို တာဝေးပစ် လက်နက်ကြီးလေးလုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
မိုးကောင်းမြို့မှာတော့ ကျောင်းလာကြိုတဲ့ စစ်ကား ပစ်ခတ်ခံရပြီးနောက် ဒေသခံပြည်သူတွေကို စစ်တပ်က လိုက်လံဖမ်းဆီးကာ ဖမ်းဆီးခံထားရတဲ့ ပြည်သူတွေနေအိမ် သုံးလုံးထက်မနည်းကို သြဂုတ်လနဲ့ စက်တင်ဘာလ အတွင်း ချိပ်ပိတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံ အမျိုးသားတဦးက "ကျောင်းကြိုတဲ့ စစ်ကား ပစ်ခတ်မှု ဖြစ်ပြီးတဲ့နောက် စစ်တပ်က ပြည်သူတွေကို ဖမ်းဆီးတယ်။ ဖမ်းဆီးစစ်ဆေးပြီး ပြည်သူတွေပိုင်ဆိုင်တဲ့ နေအိမ်တွေကို လိုက်ချိပ်ပိတ်တာ သုံးလုံးရှိသွားပြီ။ ဇင်ယော်ဆီဆိုင် နေအိမ်က သြဂုတ်လမှာ ချိပ်ပိတ်ခံခဲ့ရတယ်။ အိုးတန်းရပ်ကွက်ကနေအိမ်ရယ် ဈေးကုန်းရပ်ကွက်က နေအိမ်ရယ်က ခု စက်တင်ဘာလ အတွင်း ချိပ်ပိတ်ခံထားရတယ် "လို့ ပြောပါတယ်။
သြဂုတ် ၁၉ ရက်က မိုးကောင်းမြို့ အထက်တန်းကျောင်းအနီး ကျောင်းကြိုတဲ့စစ်ကားက စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတာပါ။
ဒီနောက် ဘာအပြစ်မှမရှိတဲ့ ဒေသခံပြည်သူ အယောက် ၇၀ ထက်မနည်းကို စစ်ကောင်စီတပ်က ဖမ်းဆီးကာ ဖမ်းဆီးခံထားရတဲ့ ပြည်သူတချို့ကိုတော့ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည) နဲ့ ၅၂ (က) တို့နဲ့ တရားစွဲဆိုထားပါတယ်။
ဖမ်းဆီးခံထားရသူတွေထဲက သြဂုတ် ၂၆ ရက်မှာ ဦးဝဘော်တန်ဂွမ်းနဲ့ စက်တင်ဘာ ၁၂ ရက်မှာ ဇင်ယော်စက်သုံးဆီ အရောင်းဆိုင်ပိုင်ရှင် ဒေါ်ခင်မာရွှေတို့ကို ရိုက်နှက်စစ်ဆေးခဲ့တဲ့အတွက် စစ်ကြောရေးမှာ သေဆုံးသွားခဲ့ပါတယ်။