Home
မြန်မာသတင်း
လားရှိုးမြို့ပြင်က DENKO ဆီဆိုင် မီးလောင်ပေါက်ကွဲမှုဖြစ်
DVB
·
September 28, 2023

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အပြင်က မန္တလေး-လားရှိုးအမြန်လမ်းပေါ်ရှိ DENKO  စက်သုံးဆီဆိုင်မှာ ကားဆီဖြည့်ရာကနေ မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၁ ယောက် သေဆုံးတယ်လို့ ဒေသခံတွေနဲ့  လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။

စက်တင်ဘာ ၂၇ ရက် ညနေ ၅ နာရီလောက်က မီးလောင်ပေါက်ကွဲခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။

လူမှုကူညီရေးအသင်းဘက်ကတော့ မူဆယ်ဘက်ကလာတဲ့ကားက ဆီဖြည့်ရင်းကနေ မတော်တဆပေါက်ကွဲမှုဖြစ်ပြီး  ဒေသခံ တယောက် မီးလောင် သေဆုံးသွားကာ ၁၂ ယောက်လောက် ထိခိုက်ဒဏ်ရာရတယ်လို့ ဆိုပါတယ်။

ဒေသခံတဦးက "ညနေ ၅ နာရီလောက်က DENKO ဆီဆိုင်ကို ဝင်အုံးသွားတာလား၊ မတော်တဆလားတော့ မသိဘူး။ ပေါက်ကွဲသံကတော့ အကျယ်ကြီးပဲ။ အရေးပေါ်ကားတွေ သွား နေတာ ကြားတယ်။ မီးသတ်ကားလည်း သွားတာ ၁ဝ စီး ဝန်းကျင်ရှိပြီ။ ခရီးသည်တင်ကားတစင်းနဲ့ ခွေးဘီလူးတစင်းကို မီးလောင်တဲ့နေရာမှာ တွေ့တယ်”လို့ ပြောပါတယ်။

ရွှေသံလွင်နာရေးကူညီမှုအသင်း-လားရှိုးတာဝန်ရှိသူတဦးက "မူဆယ်ကနေ တောင်ငူတို့ဟိုး အောက်ဘက်ဆင်းတဲ့ ကားတွေထဲက တစင်းက ဆီဝင်ဖြည့်ရင်း ပေါက်တာကနေစပြီး မီးလောင်တာပါ။ အသက် ၁၈ နှစ်မပြည့်သေးတဲ့ ယောကျ်ားလေး တဦးတော့ မီးလောင်ဒဏ်ရာနဲ့ သေသွားပါပြီ။ လောလောဆယ် အရေးပေါ်ခွဲစိတ်ကုသဆောင်မှာ အနည်းဆုံး ၅ ယောက် နဲ့အထက်ကို ပို့ထားပြီးပါပြီ။ သွေးအရေးပေါ်လိုနေလို့ အခု လိုက်ရှာနေပါတယ်"လို့ ပြောပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ကားမှာ မူဆယ်-တောင်ငူ ပြေးဆွဲနေတဲ့ သစ္စာဟိဏ်းယာဥ်လိုင်းကားဖြစ်ပြီး ဆီဖြည့်စဥ် ပေါက်ကွဲမှု ဖြစ်ခဲ့တာပါ။

ခရီးသည်တင်ကားမှတဆင့် အိမ်စီးကားတစီးကို ထပ်မံလောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုထားကြပြီး မီးလောင်မှုဖြစ်ခဲ့တဲ့ လားရှိုး Denko ဆီဆိုင်ကို ဆက်သွယ်မေးမြန်းပေမဲ့ ပြန်လည်ဖြေကြားခြင်းမရှိသေးတဲ့အတွက် ဆုံးရှုံးမှုတန်ဖိုးကို အတည်မပြုနိုင်သေးပါဘူး။

ဓာတ်ပုံ/ဗွီဒီယို-ပေးပို့

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024