Home
နိုင်ငံတကာ
အိန္ဒိယနှင့် ကနေဒါ သံတမန်ရေးတင်းမာမှု နိုင်ငံရေးအဆင့် ‌ဖြေရှင်းရန်လိုအပ်
DVB
·
September 28, 2023

အိန္ဒိယနဲ့ ကနေဒါတို့အကြား သံတမန်ရေးတင်းမာမှု နောက်ဆုံးအခြေအနေဟာ လက်ရှိဖြစ်ပွားနေတဲ့ နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ ထိတွေ့ဆက်ဆံမှုကို ထိခိုက်မှာမဟုတ်ဘဲ ဒီကိစ္စကို နိုင်ငံရေးအဆင့်မှာဖြေရှင်းဖို့လိုအပ်တယ်လို့ ကနေဒါ ဒုတိယ တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်ကြီး ပီတာစကော့က စက်တင်ဘာ ၂၆ ရက်မှာ ပြောလိုက်ပါတယ်။

ဇွန်လက ခါလစ္စတန် ခွဲထွက်ရေးသမား ဟာဒိ(ပ်) ဆင်းဂ်နတ်ဂျာ သတ်ဖြတ်ခံရမှုမှာ အိန္ဒိယ အစိုးရသူလျှိုတွေ ပါဝင်ပတ်သက်တဲ့ အလားအလာတွေ ရှိနေတယ်လို့ ကနေဒါဝန်ကြီးချုပ် ဂျပ်စတင် ထရူးဒိုးက စွပ်စွဲခဲ့ပြီးတဲ့နောက် အိန္ဒိယနဲ့ ကနေဒါ အစိုးရတွေအကြား ဆက်ဆံရေး တင်းမာလာခဲ့ပါတယ်။

အဲဒီနောက် တပတ်အကြာမှာ အိန္ဒိယနဲ့ ကနေဒါတို့မှာ အပြန်အလှန် ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပါတယ်။

ကနေဒါနိုင်ငံရောက် ဆစ်ခ်ဘာသာဝင်တွေက စက်တင်ဘာ ၂၅ ရက်မှာ အိန္ဒိယ သံတမန်ရေးမစ်ရှင်ရုံး အပြင်ဘက်မှာ အသေးစား ဆန္ဒပြပွဲတရပ် ဆင်နွှဲခဲ့ပါတယ်။

တိုရွန်တိုမြို့က ဆန္ဒပြပွဲအတွင်း ဆန္ဒပြသူအယောက် ၁၀၀ လောက်က အိန္ဒိယအလံကို မီးရှို့ခဲ့ကြပြီး အိန္ဒိယဝန်ကြီးချုပ် နရင်ဒြာမိုဒီပုံ ကတ္ထူရုပ်ပုံကို ဖိနပ်နဲ့ ပစ်ပေါက်ခဲ့ပါတယ်။

ဗန်ကူးဗားမြို့က အိန္ဒိယကောင်စစ်ဝန်ရုံး အပြင်ဘက်မှာလည်း ဆန္ဒပြသူ အယောက် ၂၀၀ လောက် စုဝေးဆန္ဒပြခဲ့ကြပါတယ်။

အော့တဝါမြို့က အိန္ဒိယအဆင့်မြင့် ကော်မရှင်နာရုံးရှေ့မှာလည်း လူ အယောက် ၁၀၀ လောက် စုဝေးခဲ့ကြပြီး ပန်ဂျပ်ပြည်နယ်ကို လွတ်လပ်တဲ့ ဆစ်ခ်နိုင်ငံအဖြစ် တည်ထောင်ရေး နတ်ဂျားရဲ့ လှုပ်ရှားမှုကို ထောက်ခံကြောင်းပြတဲ့ ခါလစ္စတန်စာလုံးနဲ့ အဝါရောင်အလံတွေကို ဝှေ့ယမ်းခဲ့ကြပါတယ်။

ကနေဒါနိုင်ငံ ဗြိတိသျှကိုလံဘီယာပြည်နယ်မှာ ဆစ်ခ်ခွဲထွက်ရေး ခေါင်းဆောင်တဦး အသတ်ခံရမှုမှာ အိန္ဒိယအစိုးရသူလျှိုတွေ ပါဝင်နိုင်တယ်ဆိုတဲ့ ယုံကြည်ရလောက်တဲ့ သက်သေတွေ အထောက်အထားတွေကို ကနေဒါအစိုးရက အိန္ဒိယအစိုးရကို မျှဝေခဲ့တယ်လို့ ဝန်ကြီးချုပ် ဂျပ်စတင် ထရူးဒိုးက စက်တင်ဘာ ၂၂ ရက်မှာ ပြောခဲ့ပါတယ်။

ကနေဒါအစိုးရက ဒီကိစ္စနဲ့ပတ်သက်ပြီး အိန္ဒိယနဲ့ အပြုသဘောဆောင်တဲ့ ပူးပေါင်းဆောင်ရွက်မှုကို လုပ်ဖို့ ကြိုးစားနေတယ်လို့လည်း ထရူးဒိုးက ပြောခဲ့ပါတယ်။

ကနေဒါနိုင်ငံဟာ ဆစ်ခ်ဘာသာဝင်တွေရဲ့ မွေးရပ်ပြည်နယ် ပန်ဂျပ်ပြည်နယ် အပြင်ဘက်မှာ ဆစ်ခ်တွေ အများဆုံးနေထိုင်တဲ့ နိုင်ငံပါ။ ဆစ်ခ်ဦးရေ ၇၇၀,၀၀၀ လောက် နေထိုင်ပြီး မကြာသေးမီနှစ်တွေအတွင်း အိန္ဒိယအစိုးရကို ဒေါသထွက်စေတဲ့ ဆန္ဒပြပွဲတွေ ဆင်နွှဲခဲ့ပါတယ်။

ကနေဒါမှာ အိန္ဒိယဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ကြီးထွားလာနေလို့ လွန်ခဲ့တဲ့ သီတင်းပတ်က ခရီးသည်တွေကို သတိပေးခဲ့ပြီး အတတ်နိုင်ဆုံး သတိထားဖို့ အိန္ဒိယအစိုးရက တိုက်တွန်းခဲ့ပေမဲ့ တိကျတဲ့ဖြစ်ရပ်တွေရဲ့ အထောက်အထား ဒါမှမဟုတ် အသေးစိတ် အချက်အလက်တွေကို မဖော်ပြခဲ့ပါဘူး။

နှစ်နိုင်ငံအစိုးရတွေက အကြီးတန်းသံတမန်တွေကို အပြန်အလှန် နှင်ထုတ်ခဲ့ကြသလို ခရီးသွား သတိပေးချက်တွေလည်း အပြန်အလှန် ထုတ်ပြန်ခဲ့ကြပါတယ်။

အခြေအနေတွေ မပြေလည်မီမှာ တင်းမာမှု ပိုမိုပြင်းထန်လာမယ်လို့ နိုင်ငံရေး ဝေဖန်သုံးသပ်သူတွေက သတိပေးထားပါတယ်။

အိန္ဒိယဟာ အလွန်ခိုင်မာပြီး ယုံကြည်ချက်နဲ့ အမျိုးသားရေးဝါဒ ပြင်းထန်တဲ့နိုင်ငံဖြစ်လို့ ခုလို စွဲချက်တွေ ပေါက်ကွဲပြီးချိန်မှာ အသာငြိမ် ထိုင်နေစရာအကြောင်း မရှိဘူးလို့ အမေရိကန်နိုင်ငံက ဝုဒ်ရိုး ဝီလ်ဆင် နိုင်ငံတကာစင်တာ တောင်အာရှရေးရာဌာနညွှန်မှူး မစ်ရှယ်ခူဂေမန်က ပြောခဲ့ပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024