မကွေးတိုင်း၊ မကွေးမြို့နယ် နွားကူးကျေးရွာ၊ တောင်တွင်းလမ်းမဘေးရှိ လူနေအိမ် ၁ အိမ်ှာ စက်တင်ဘာလ ၂၇ ရက်၊ နေ့လယ်ပိုင်းက မီးလောင်မှုဖြစ်ပြီး ပိုလီယို ရောဂါသည် ကလေးတယောက် သေဆုံးသွားတယ်လို့ မကွေးမြို့ခံကယ်ဆယ်ရေးအသင်းတွေက ပြောပါတယ်။
နေ့လယ် ၁ နာရီ မိနစ် ၂၀ လောက်က မီးလောင်မှုစတင်ဖြစ်ပေါ်ခဲ့ရာမှ သွပ်မိုး၊ ထရံကာနေအိမ် တလုံးနဲ့ နေအိမ်အတွင်းရှိနေတဲ့ အသက် ၁၄ နှစ်အရွယ် ကလေးငယ် မီးလောင်သေဆုံးသွားပြီး အသက် ၄၀ ကျော်အရွယ် အမျိုးသမီး တဦးမှာ မီးခိုးမွှန်ကာ သတိလစ်မေ့မြောခဲ့ပါတယ်။
မကွေးပရဟိတမင်းခေါင်အသင်းဝင်တဦးက “ ၁ နာရီ မိနစ် ၂၀လောက်မှာ သတင်းဝင်တာပါ၊ မီးလောင်မှုမှာ အသက် ၁၄ နှစ်လောက်ရှိတဲ့ ပိုလီယိုကလေး ၁ ဦး သေဆုံးပါတယ်၊ DB က လုံးလုံးကြီး မီးကျွမ်းနေတော့ ယောကျ်ားလေးလား မိန်းကလေးလားကို မသိရသေးပါဘူး၊ လောင်သွားတာက ပျဉ်ထောင်ထရံကာအိမ် ၁ လုံးပါ”လို့ ဆိုပါတယ်။
မီးလောင်မှုနေရာကို မကွေးခရိုင်/မြို့နယ်တို့က မီးသတ်ယာဉ်တွေ၊ အရပ်ဖက်အသင်းတွေက ပူးပေါင်းငြှိမ်းသတ်ခဲ့ရာမှ နေ့လယ် ၁ နာရီ ၃၅မိနစ်ခန့်မှာ မီးငြိမ်းသွားပြီး မီးလောင်ရတဲ့ အကြောင်းအရင်းကို မကွေးမီးသတ်တပ်ဖွဲ့က စုံစမ်းနေဆဲဖြစ်ပါတယ်။
မီးလောင်သေဆုံးသွားတဲ့ ကလေးရုပ်အလောင်းကို KS Rescue Magway အသင်းကားနဲ့ သယ်ဆောင်ပြီး သတိလစ်နေတဲ့ အမျိုးသမီးလူနာကို မြေပြင်အသင်းကားနဲ့ မကွေးပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။