ရာဇဝတ်ဂိုဏ်းတွေနဲ့ စစ်တပ်တို့ ပါဝင်ပတ်သက်နေတဲ့ မက္ကဆီကို ကျေးလက်ဒေသက ဆရာအတတ်သင်ကျောင်းသား ၄၃ ဦး ပျောက်ဆုံးသွားတဲ့အမှု ၉ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စက်တင်ဘာ ၂၆ ရက်က မက္ကဆီကိုစီးတီးမှာ ချီတက် ဆန္ဒပြခဲ့ကြပါတယ်။
အာယော့ဇီနားပါး ကျေးလက် ဆရာအတတ်သင်သိပ္ပံက ပျောက်ဆုံးကျောင်းသားတွေရဲ့ မိဘတွေ၊ အဖွဲ့အစည်းတွေနဲ့ ကျောင်းသားတွေဟာ ၂၀၁၄ ခုနှစ်က ကျောင်းသားတွေ ပျောက်ဆုံးမှုနဲ့ အဲဒီကျောင်းသားတွေရဲ့ တည်နေရာတွေနဲ့ပတ်သက်ပြီး အဖြေတွေကို တောင်းဆိုနေကြတာပါ။
သမ္မတ အန်ဒရေးစ် မာနျူယယ် လိုပက်ဇ် အိုဘရာဒေါက ဒီအမှုကို အမှန်တရား ဆောင်ယူပေးမယ်လို့ ကတိပြုထားပေမဲ့ သူ့အစိုးရက ဒီအမှုကို ပိတ်သိမ်းဖို့ ပျက်ကွက်ခဲ့ပါတယ်။
မနှစ်တုန်းက ဒီအမှုနဲ့ပတ်သက်ပြီး စစ်ဘက်အရာရှိ ၈၃ ဦးကို တရားသူကြီးတဦးက ဖမ်းဆီး အရေးယူခဲ့ပါတယ်။
သမ္မတ လိုပက်ဇ် အိုဘရာဒေါရဲ့ အဆိုအရ စနစ်တကျ စီစဉ်ကျူးလွန်တဲ့ ရာဇဝတ်ဂိုဏ်းတွေနဲ့ ဆက်နွှယ်နေတယ်လို့ ယူဆရတဲ့ စစ်တပ်က သံသယရှိသူတွေအတွက် နောက်ထပ် ဖမ်းဝရမ်း ၁၆ ခုကို ဒီနှစ်မှာ အမိန့်ထုတ်ထားတယ်လို့ သိရပါတယ်။
ဒါပေမဲ့ ဒီအမှုကို စုံစမ်းစစ်ဆေးနေတဲ့ နိုင်ငံတကာ ကျွမ်းကျင်သူတွေကတော့ ဒီစုံစမ်းစစ်ဆေးမှုတွေမှာ မပြည့်စုံတဲ့ အချက်အလက်တွေကို လက်ခံရရှိထားကြောင်းနဲ့ ကာကွယ်ရေးဝန်ကြီးဌာနဟာ ဒီအမှုမှာ ပါဝင်ပတ်သက်သူတွေရဲ့ အထောက်အထားတွေကို ဝှက်ထားတယ်လို့ ဝေဖန်ထားပါတယ်။
ကျောင်းသား ၄၃ ယောက် ပြန်ပေးဆွဲခံရမှုမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေလည်း ပါဝင်ကျူးလွန်ခဲ့ပြီးတော့ စစ်တပ်၊ ရေတပ်၊ ရဲတပ်ဖွဲ့နဲ့ ထောက်လှမ်းရေးအေဂျင်စီတွေဟာ ကျောင်းသားတွေ ဘယ်မှာရှိတယ်ဆိုတာ မိနစ်နဲ့အမျှ သိနေခဲ့ကြကြောင်းလည်း ပြောဆိုထားပါတယ်။
Source/Photo-Reuters