Home
ဆောင်းပါး
နွေဦးပြည်သူတို့အတွက် လက်လှမ်းမီ သဘာဝဆေးဖက်ဝင် သင်္ဘောပင်
DVB
·
September 27, 2023

တော်လှန်လမ်းမထက် သွေးစက်တွေကြား ချွေး‌စေးတွေနဲ့ ပြေးလွှားနေရင်း တော်လှန်ရေးဝန်ကို ဦးလည်မသုန် ထမ်းရွက်ပါဝင်နေကြတဲ့ တော်လှန်ရဲဘော်အပေါင်းကို ဦးညွှတ်ပါကြောင်း ဦးစွာ ဖော်ပြအပ်ပါတယ်။ စစ်အာဏာရှင်ရဲ့ ယုတ်မာရက်စက်မှု အဖုံဖုံအောက် တော်လှန်စိတ်တွေ ကျမပျောက်ဘဲ ကြုံရာကျရာ နေရာက ပါဝင်တွန်းလှန်နေသူ အားလုံးကို လေးစားစွာ မှတ်တမ်းတင်အပ်ပါတယ်။

ဒီတပတ် တော်လှန်ပြည်သူတို့အတွက် အစာလည်းဆေး ဆေးလည်းအစာ ဖြစ်တဲ့ ကျန်းမာရေးအတွက် ဆေးဘက်ဆိုင်ရာ အကျိုးကျေးဇူး များစွာရှိပြီး အနီးအနား လက်လှမ်းတမီမှာ ရနိုင်တဲ့ သင်္ဘောပင် ဆေးဘက်ဝင်ပုံအကြောင်း တင်ပြသွားပါမယ်။

သင်္ဘောပင်ဟာ မြန်မာပြည် ဒေသအနှံ့မှာ ပေါက်ရောက်ပြီး သင်္ဘောသီးဟာ အစားအသောက် ဟင်းလျာများ ချက်ပြုတ်စားသောက်ခြင်းနဲ့ သရေစာအဖြစ် စားသောက်တဲ့ အစားအစာအဖြစ် မသိသူမရှိတဲ့ အပင်ဖြစ်ပါတယ်။ သင်္ဘောပင်မှာ ဆေးဘက်ဝင်အာနိသင် များစွာပါဝင်ပြီး ကျန်းမာရေးကို များစွာ အထောက်အကူပြုတဲ့အပင် ဖြစ်ပါတယ်။

ဆေးဘက်ဆိုင်ရာမှာ သင်္ဘောပင်ရဲ့ အရွက်၊ အသီး၊ အစေ့၊ အမြစ်နဲ့ အပွင့်တို့ကို သုံးစွဲကြပါတယ်။ သင်္ဘောပင် အဖိုပင် အမပင် ဟူ၍ ၂ မျိုးရှိပြီး အပွင့်ကိုတော့ အဖိုပင်ရဲ့ အပွင့်ကိုသာ သုံးစွဲပါတယ်။

ပထမဦးဆုံး သင်္ဘောသီးအကြောင်း တင်ပြချင်ပါတယ်။ သင်္ဘောသီးမှာ ကယ်လိုရီ၊ ကာဘိုဟိုက်ဒရိတ်၊ ဖိုင်ဘာ၊ ပရိုတိန်း၊ ဗီတာမင်၊ ဖောလိတ်၊ ပိုတက်စီယမ် စတဲ့ဓာတ်သတ္တုတွေ ပါဝင်ပါတယ်။

သင်္ဘောသီးမှာ papain လို့ခေါ်တဲ့ အင်ဇိုင်းတမျိုး ပါဝင်ပြီး အစာချေဖျက်ခြင်းကို ကူညီပေးတဲ့အပြင် အနာများကို ကျက်စေပါတယ်။

သင်္ဘောသီးမှာ အမျှင်ဓာတ်နဲ့ ရေဓာတ်ပါဝင်မှုလည်း မြင့်မားတာကြောင့် ဝမ်းချုပ်တာကို ကာကွယ်ပေးပြီး အစာခြေလမ်းကြောင်း ပုံမှန်ကျန်းမာရေးကို ကူညီပေးပါတယ်။

သင်္ဘောသီးမှာ ဗီတာမင် C နဲ့ antioxidants ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ မြင့်မားစွာ ပါဝင်တာကြောင့် ကင်ဆာကိုဆန့်ကျင်တဲ့ အစွမ်းသတ္တိရှိပြီး တခြား ကျန်းမာရေး အကျိုးကျေးဇူးတွေ အပါအဝင် နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

ဒါ့အပြင် ရောင်ရမ်းမှုကို လျော့ပါးသက်သာစေပြီး အသားအရေကျန်းမာရေး အတွက်လည်း အကျိုးပြုပါတယ်။ ဆီးချိုရောဂါရှိသူများ၊ အပျော့စား hypothyroidism (သိုင်းရွိုက်ဂလင်း ဟော်မုန်းအထွက်နည်းခြင်း)၊ အသည်းရောဂါနဲ့ သက်ကြီးရွယ်အို အယ်လ်ဇိုင်းမားရောဂါ ရှိသူများအတွက်လည်း သင့်တော်တဲ့ဓာတ်စာ ဖြစ်ပါတယ်။

သင်္ဘောသီးမှာ ရောင်ရမ်းမှုကို လျှော့ချပေးနိုင်တဲ့ ကာရိုတင်းနွိုက် များစွာပါဝင်တယ်။ နာတာရှည် ရောင်ရမ်းခြင်းများဟာ ရောဂါများစွာ ဖြစ်ပွားရခြင်းရဲ့ အကြောင်းရင်းခံ ဖြစ်ပါတယ်။ သင်္ဘောသီးစားသုံးခြင်းဟာ နာတာရှည် ရောင်ရမ်းမှုများကို လျှော့ချပေးနိုင်ပါတယ်။ သင်္ဘောသီးမှည့်ဟာ ဝမ်းချုပ်တာကို သက်သာစေပါတယ်။

သတိထားရန်အနေနဲ့ - သင်္ဘောသီးကို အလွန်အကျွံ စားသုံးမယ်ဆိုရင် ဓာတ်မတည့်သူများမှာ အရေပြားယားယံခြင်း၊ မတည့်တုံ့ပြန်မှု၊ ကိုယ်ဝန်ပျက်ကျခြင်း၊ အရေပြား အရောင်ပြောင်းခြင်း၊ ခြေဖဝါးနဲ့ လက်ဖဝါးများ ဝါခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ ရင်ကြပ်ခြင်း၊ နှာပိတ်ခြင်း စတဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်စေနိုင်တဲ့အတွက် သင့်တင့်မျှတစွာ သုံးဆောင်မှီဝဲပြီး ကျန်းမာရေး အကျိုးကျေးဇူးများ ရယူနိုင်ပါတယ်။

သင်္ဘောရွက်ရဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို ဆက်လက်မျှဝေပါမယ်။ သင်္ဘောရွက်ဟာ အရေပြားကျန်းမာရေးကို စောင့်ရှောက်ပေးခြင်း၊ သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ပေးနိုင်ခြင်း၊ platelet လို့ခေါ်တဲ့ သွေးခဲအရေအတွက် တိုးစေခြင်း၊ အမျိုးသမီးများ ရာသီစက်ဝန်းကို ထိန်းညှိပေးခြင်း၊ ရာသီလာချိန် ကိုက်ခဲခြင်းကို သက်သာစေခြင်း၊ အိုမင်းခြင်းဖြစ်စဉ်ကို နှေးကွေးစေခြင်း၊ အစာခြေစနစ်ကို ကောင်းမွန်စေခြင်းနဲ့ ကင်ဆာကို ကာကွယ်ပေးနိုင်စွမ်းရှိခြင်း စတဲ့ အကျိုးကျေးဇူးကောင်းများစွာ ရှိပါတယ်။

သွေးလွန်တုပ်ကွေးရောဂါနဲ့ ငှက်ဖျားရောဂါတွေမှာ သင်္ဘောရွက်သတ္တုရည် တခါသောက် ကော်ဖီဇွန်း ၂ ဇွန်း တနေ့ ၂ ကြိမ်မှ ၃ ကြိမ် သောက်ပေးခြင်းဖြင့် သွေးပျက်စီးမှုကို ထိန်းသိမ်းနိုင်ပြီး ရောဂါ အမြန်သက်သာစေပါတယ်။ သင်္ဘောရွက်သတ္တုရည် ကော်ဖီဇွန်း ၁ ဇွန်းဖြစ်စေ၊ သင်္ဘောရွက်ရေနွေးကြမ်း ၁ ခွက်ဖြစ်စေ တနေ့ တကြိမ် နှစ်ကြိမ် သောက်သုံးပေးခြင်းဖြင့် ဆီးချို၊ နှလုံးရောဂါနဲ့ မီးယပ်လာစဥ် ကိုက်ခဲခြင်းတို့ကို သက်သာစေနိုင်တဲ့အပြင် သွေးတွင်း အဆီဓာတ်များခြင်းနဲ့ သွေးတိုးရောဂါကိုလည်း လျော့ကျစေပါတယ်။ ဒီလိုသောက်သုံးခြင်းဖြင့် အယ်လ်ဇိုင်းမားရောဂါကို ကြိုတင် ကာကွယ်ဟန့်တားနိုင်တဲ့အပြင် နာတာရှည် လေးဘက်နာ အဆစ်ရောင်ရောဂါရှိသူ ဝေဒနာရှင်များလည်း အထက်မှာဖော်ပြထားတဲ့နည်းအတိုင်း သောက်သုံးပေးနိုင်ပါတယ်။ သင်္ဘောရွက် သောက်သုံးခြင်းဟာ ကိုယ်တွင်းခုခံစွမ်းအားကို မြင့်တက်စေပါတယ်။

သင်္ဘောသီးစေ့မှာ ပရိုတင်း၊ အဆီနဲ့ အမျှင်ဓာတ် ကြွယ်ဝပြီး သံဓာတ်၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ဖော့စဖရပ်၊ ဇင့် အစရှိတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်ပါတယ်။ သင်္ဘောသီးအစေ့ဟာ oleic acid ကဲ့သို့ monounsaturated fatty acids ကြွယ်ဝတဲ့အပြင် အစွမ်းထက်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများဖြစ်တဲ့ polyphenols နဲ့ flavonoids များလည်း ပါရှိပါတယ်။

သင်္ဘောသီးအစေ့များဟာ ခန္ဓာကိုယ်တွင်းမှာရှိတဲ့ ဘက်တီးရီးယား ပိုးမွှားအမျိုးမျိုးကို တိုက်ဖျက်ပေးနိုင်တဲ့ ဂုဏ်သတ္တိများ ပါဝင်ခြင်းနဲ့ ကိုယ်အလေးချိန်ထိန်းခြင်း၊ ရာသီလာစဉ် နာကျင်ကိုက်ခဲခြင်းကို သက်သာစေပြီး ကင်ဆာကို ဆန့်ကျင်ဂုဏ်သတ္တိများ ပါဝင်တဲ့အပြင် နှလုံးသွေးကြော ကျန်းမာရေးကိုလည်း ကောင်းစေပါတယ်။ အူလမ်းကြောင်းကပ်ပါးပိုးများကို သေစေခြင်း၊ ကျောက်ကပ်ကျန်းမာရေးကို ကောင်းမွန်စေခြင်းနဲ့ ကိုယ်တွင်းခုခံအားစနစ်ကို ကောင်းမွန်စေပါတယ်။ အသည်းခြောက်ခြင်းကို ကုသရန်နဲ့ ပြန်လည်ကောင်းမွန်လာစေရန် ကူညီပေးနိုင်ပြီး အစာအဆိပ်သင့်ခြင်းကို ပျောက်ကင်းစေပါတယ်။ သင်္ဘောသီးအစေ့ကို အခြောက်ခံ အမှုန့်ပြုလုပ်ပြီး ကော်ဖီဇွန်းတဝက်ခန့် တနေ့ တကြိမ် နှစ်ကြိမ် စားသုံးနိုင်ပါတယ်။ ကလေးများ သံကောင် တုတ်ကောင်ရောဂါအတွက် သင်္ဘောသီးအစေ့ ၃-၄ စေ့ခန့်ကို ပျားရည်နဲ့ရောစပ်ပြီး တနေ့ ၁ ကြိမ် တိုက်ကျွေးနိုင်ပါတယ်။

သင်္ဘောသီးစေ့ရဲ့ ဘေးထွက်ဆိုးကျိုးများ

• သန္ဓေသား ကြီးထွားမှုကို အန္တရာယ်ဖြစ်စေနိုင်တဲ့အတွက် ကိုယ်ဝန်ဆောင်များ သင်္ဘောသီးစေ့ကို မစားသုံးသင့်ပါ။

• သင်္ဘောသီးစေ့ကို အလွန်အကျွံစားသုံးခြင်းဟာ သုက်ပိုးအရေအတွက်ကို ထိခိုက်စေတဲ့ အတွက် အမျိုးသားများမှာ မျိုးပွားမှုကို ကျဆင်းစေနိုင်တယ်။

• သင်္ဘောသီးစေ့ကို အလွန်အကျွံစားသုံးပါက ဝမ်းပျက်စေနိုင်တယ်။

• နို့တိုက်မိခင်များအတွက် သင်္ဘောသီးစေ့ စားသုံးခြင်းကို ရှောင်ကြဥ်ပါ။

သင်္ဘောသီးစေ့ စားသုံးနိုင်တဲ့ပမာဏမှာ - သင်္ဘောသီးစေ့အမှုန့် တနေ့ လက်ဖက်ရည်ဇွန်း ၁ ဇွန်းထက် ပိုမသောက်သင့်ပါ။

သင်္ဘောသီးမှ အစေးကို ထိခိုက်ဒဏ်ရာများမှာ လိမ်းပေးခြင်းဖြင့် အနာကို အကျက်မြန်စေပါတယ်။

သင်္ဘောဖိုပွင့်ကို ရေနွေးဖြောပြီး အတို့အမြှုပ် လုပ်စားခြင်းဖြင့် လေထိုးလေအောင့်ခြင်းကို သက်သာပျောက်ကင်းစေပါတယ်။

သင်္ဘောပင်အမြစ်ဟာ အဆိပ်အတောက်တွေကို ဖယ်ရှားပေးခြင်း၊ ဆီးကျဲစေခြင်းနဲ့ ငှက်ဖျားရောဂါပိုးကို တိုက်ခိုက်နိုင်တဲ့ အာနိသင် ရှိပါတယ်။

ငှက်ဖျားရောဂါအတွက် သင်္ဘောပင်အမြစ်သွေးရည် တခါသောက် ကော်ဖီ ၂ ဇွန်းကို ကွမ်းရွက်ပြုတ်ရည် / ဂျင်းပြုတ်ရည်နဲ့ တနေ့ ၂-၃ ကြိမ် သောက်ပေးပါ။

ကျောက်ကပ်ကျောက်တည်သူများအတွက် သင်္ဘောပင်အမြစ်သွေးရည် တခါသောက် ကော်ဖီ ၂ ဇွန်းကို တနေ့ ၂-၃ ကြိမ် သောက်နိုင်ပါတယ်။

ငါးလိပ်ကျောက် ကိုက်ခံရသူများအတွက် သင်္ဘောပင်အမြစ် လတ်လတ်ဆတ်ဆတ်ကို ဆားနဲ့သွေးပြီး အကိုက်ခံရတဲ့နေရာမှာ အုံပေးခြင်းဖြင့် နာရီဝက်ခန့်အကြာမှာ နာကျင်မှုကို သက်သာစေပြီး ရက်အနည်းငယ်အကြာမှာ ပျောက်ကင်းသွားနိုင်ပါတယ်။

လက်လှမ်းမီ ဆေးဘက်ဝင်သင်္ဘောပင်မှ ဆေးဘက်ဆိုင်ရာ အာနိသင်များကို လိုအပ်တဲ့အခါ စနစ်တကျ ရယူသုံးစွဲနိုင်ပြီး တော်လှန်ရေးခရီးကြမ်းကို အောင်မြင်စွာ လျှောက်လှမ်းနိုင်ကြဖို့ ရေးသားတင်ပြလိုက်ရပါတယ်။

သာဇဏ် (CDM တိုင်းရင်းဆေးပညာရှင် ကျန်းမာရေးဝန်ထမ်း)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024