Home
မြန်မာသတင်း
ရေဦး NON-CDM ဝန်ထမ်းများ ပြည်သူ့ရင်ခွင်ခိုလှုံကြရန် ဒရုန်းဖြင့် စာရွက်များကြဲချ၊ မုံရွာ ဒုတပ်ကြပ်တဦး အလင်းဝင်
DVB
·
September 27, 2023

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ်ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က စက်တင်ဘာ ၂၆ ရက် ညနေ ၄ နာရီကျော်လောက်မှာ မောင်းသူမဲ့ ဒရုန်း ၃ စင်း အသုံးပြုကာ စစ်ကောင်စီတပ်သားတွေနဲ့ NON-CDM ဝန်ထမ်းတွေ ပြည်သူ့ရင်ခွင်ခိုလှုံကြဖို့ စာရွက်တွေကြဲချခဲ့တယ်လို့ ရေဦး ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။

ရေဦးမြို့ဟာ စစ်ကောင်စီဘက်က ရေဦး၊ ခင်ဦး၊ ဒီပဲယင်း၊ တန့်ဆည် စတဲ့မြို့နယ်တွေကို ထိန်းချုပ်နိုင်ဖို့ ဗျူဟာအထိုင်ချထားတဲ့ မြို့တခုလည်း ဖြစ်တယ်လို့ ကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်တွေက ပြောပါတယ်။

“အခုလို ကြဲချရတဲ့နေရာကတော့ ရေဦးမြို့အတွင်းက လမင်းဆေးရုံအနီးနဲ့ မြို့လယ် နာရီစင်အနီးကို ချခဲ့တာပါ။ စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းအားလုံး ပြည်သူ့ရင်ခွင်ခိုလှုံဖို့ ကမ်းလှမ်းတဲ့ စာရွက်တွေကို ကြဲချခဲ့တာပါ” လို့ ရေဦးမြို့နယ် တော်လှန်ရေးအဖွဲ့မှ ကိုနတ်ဆိုးက ပြောတယ်။

ရွှေဘိုခရိုင်တပ်ရင်း-၁၄ ပြည်သူ့ကာကွယ်ရေးအဖွဲ့က စာရွက်‌ေတွ ကြဲချခဲ့တာလို့ သိရပါတယ်။

ချင်းပြည်နယ်အခြေစိုက်၊ CDF-CDM-Siyin အဖွဲ့ထံ အနောက်မြောက်တိုင်းစစ်ဌာနချုပ်က စစ်ကောင်စီ ဒုတပ်ကြပ်တဦး အလင်းဝင်ခဲ့တယ်လို့ CDF-Siyin က ထုတ်ပြန်ပါတယ်။

အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်ကြပ်ဟာ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (မုံရွာ) မှ အမှတ် ၉၃၀၊ ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ရင်း၊ ကိုယ်ပိုင်အမှတ်-၈၉၃၄၆၇၊ ဒုတိယတပ်ကြပ် ငိုလျန်ကျင် ဖြစ်တယ်လို့ ဆိုပါတယ်။

ဒုတပ်ကြပ် ငိုလျန်ကျင်ဟာ စက်တင်ဘာ ၂၅ ရက်က အလင်းဝင်ရောက်ခဲ့တာဖြစ်ပြီး လက်ရှိမှာ လုံခြုံစိတ်ချရတဲ့နယ်မြေကို ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။

CDF-CDM-Siyin တာဝန်ခံက “ကျနော်တို့အဖွဲ့ထံ လာရောက်ဆက်သွယ် အလင်းဝင်လာလို့ ဝမ်းသာပါတယ်။ သူက လက်နက်မပါတဲ့အတွက် ဆုချီးမြှင့်တာမျိုးတော့ မရှိဘူး။ လွတ်မြောက်နယ်မြေကို ပို့ထားပေးတယ်။ နောက်ထပ် အလင်းဝင်ချင်တဲ့ စစ်ကောင်စီ တပ်သားတွေရှိရင် ကျနော်တို့တပ်ဖွဲ့ထံ ဆက်သွယ်ပြီး အချိန်မရွေး အလင်းဝင်လို့ ရပါတယ်” လို့ ပြောပါတယ်။

အဆိုပါ ဒုတပ်ကြပ် ငိုလျန်ကျင်ကို စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ထားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေ ပြည်သူ့ရင်ခွင် ဘေးကင်းလုံခြုံစွာ အလင်းဝင်လာနိုင်ဖို့ CDF CDM Siyin က တော်လှန်ရေးတာဝန်တရပ်အဖြစ် ဆက်လက်ကြိုးစားနေပြီး အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း ရှိနေပြီလို့ ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024