ချင်းပြည်နယ်၊ မင်းတပ်မြို့မှာ တောင်ယာသွားတယ့် လင်မယား နှစ်ယောက် မြေမြှုပ်မိုင်းနင်းမိပြီး ယောကျ်ားဖြစ်သူ သေဆုံးကာ ဇနီးဖြစ်သူ ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေဆီကသိရပါတယ်။
စက်တင်ဘာလ ၂၆ ရက်နေ့ မနက် ၁၀ နာရီလောက်မှာ မင်းတပ်မြို့ မြို့အဝင်အနီး ဦးဝမ္မသူးမောင်း ပန်းခြံနားမှာ လင်မယား ၂ ယောက် မြေမြှုပ်မိုင်းနင်းမိခဲ့တာ ဖြစ်တယ်လို့သိရပါတယ်။
မြေမြှုပ်မိုင်းနင်းမိတဲ့ လင်မယား ၂ ယောက်ဟာ မင်းတပ်မြို့ ဘဝသစ်ရပ်ကွက်မှာ နေထိုင်ကြသူတွေဖြစ်ပြီး ဝါးဥတောင်ယာခင်းသွားတယ့်အချိန်မှာ နင်းမိခဲ့တာဖြစ်ပါတယ်။
သေဆုံးသူ အသက် ၆၀ ဦးကျင် အမျိုးသားကတော့ နေရာမှာ ပွဲချင်းပြီးသေဆုံးခဲ့ပြီး သူ့ရဲ့အမျိုးသမီးကတော့ ဒဏ်ရာတွေရရှိခဲ့တယ်လို့ သိရပါတယ်။
“အဲဒီလမ်းက အများပြည်သူ အသုံးပြုနေတဲ့လမ်းပါပဲ၊ မိုင်းပေါက်နဲ့နေရာက စစ်ကောင်စီဂိတ်နဲ့ မီတာ ၂၀၀ ဝန်းကျင်ပဲ ဝေးတယ်၊ အဲဒီနားတဝိုက်မှာ စစ်တပ်က ထောင်ထားတဲ့ မိုင်းတွေ အများကြီးရှိသေးတယ်” လို့ မင်းတပ်မြို့ခံတစ်ဦးက ပြောပါတယ်။
ဒဏ်ရာရရှိတဲ့ အမျိုးသမီးက မင်းတပ်ဆေးရုံမှာ ဆေးကုသမှုခံယူနေပြီး သူတို့ရဲ့သားဖြစ်သူကိုလည်း ၂၀၂၃ ခုနှစ် အစောပိုင်းမှာ စစ်တပ်က ဖမ်းဆီးထားပြီး ယခုအချိန်ထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးဘူးလို့ မြို့ခံတွေထံက သိရပါတယ်။
ချင်းပြည်နယ်မှာ အာဏာသိမ်းပြီးကတည်းက မြေမြှုပ်မိုင်းအန္တရာယ်ကြောင့် သေဆုံးသူ အယောက် ၂၀ ရှိပြီလို့ ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO က စက်တင်ဘာလ အစောပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။
Photo - မင်းတပ်မြို့ခံ FB