Home
မြန်မာသတင်း
မိုးမောက်မြို့နယ် မဒီးယန်နှင့် အောင်ဂျာယန်ရွာ အနီးကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်
DVB
·
September 26, 2023

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ လိုင်လွမ်လီဆောကျေးရွာအုပ်စုရှိ မဒီးယန်နဲ့ အောင်ဂျာယန်ရွာ အနီးဝန်းကျင်ကို စက်တင်ဘာ ၂၅ ရက် ညနေ ၄ နာရီလောက်မှာ စစ်ကောင်စီဘက်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံတွေနဲ့ KIA ရှေ့တန်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ဒေသခံတဦးက “မနေ့က ဟိုတလောက လက်ကျန်နားလေ။ မနေ့က အသေအလဲပဲ” လို့ ပြောပါတယ်။

တံတားဦးဘက်က တက်လာတဲ့ ဂျက်ဖိုက်တာ ၁ စီးနဲ့ မြစ်ကြီးနားမှာ ကျန်နေတဲ့ ဂျက်ဖိုက်တာ ၂ စီး စုစုပေါင်း ၃ စီးနဲ့ လိုင်ဇာအနီး လွိုင်လွမ့်အောင်ဂျာရွာ ဝန်းကျင်မှာ မနေ့ စက်တင်ဘာ ၂၅ ရက် ညနေပိုင်း ၃ နာရီ ၄၅ မိနစ် မှာ တကြိမ်၊ ၃ နာရီ ၅၃ မိနစ်မှာ တကြိမ်နဲ့ ၄ နာရီ ၁ မိနစ်မှာ တကြိမ် စုစုပေါင်း ၃ ကျော့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်တဦးက ပြောပါတယ်။

“မဒီးယန်နဲ့ အောင်ဂျာရွာဘက် စစ်ကောင်စီတွေ အသေများလို့ ဂျက်ဖိုက်တာ ၃ စီးနဲ့ ၃ ကျော့ ဗုံးလာကြဲတယ်။”

လတ်တလော မဒီးယန်နဲ့ အောင်ဂျာယန် တိုက်ပွဲမှာ စစ်ကောင်စီဘက်က တပ်ရင်းမှူးအဆင့် ၂ ဦး အပါအဝင် အများအပြား သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

စက်တင်ဘာ ၂၄ ရက် မနက် ၇ နာရီလောက်ကလည်း နမ့်ပေါင် စစ်ကောင်စီလေယာဉ်ကွင်းကို KIA နဲ့ KPDF ပူးပေါင်းအဖွဲ့တို့ ၁၀၇ မမ ၄ လုံးနဲ့ သွားရောက်ပစ်ခတ်ခဲ့ရာ လေယာဉ်တွေ တန်းစီထားတဲ့နေရာ ကျရောက်ပေါက်ကွဲလို့ F-7M ဂျက်ဖိုက်တာ ၂ စီး ထိခိုက်ပျက်စီးသွားတဲ့အပြင် လေကြောင်းဆက်သွယ်ရေးရုံးချုပ်မှာလည်း လက်နက်ကြီးကျည် တလုံး ကျကွဲလို့ ဆက်သွယ်ရေး ပြတ်တောက်သွားခဲ့တယ်လို့ သူကပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၂ ရက်က ဆွမ်ပရာဘွမ်-ပူတာအို လမ်းဘက်မှာ အင်အား ၆၀ ခန့်ပါ စစ်ကောင်စီကား ၂ စီး စစ်ကြောင်းထိုးလာတာကို KIA တပ်မဟာ ၁၊ တပ်ရင်း ၄ အဖွဲ့က ဖုန်အိန်ယန်နဲ့ ဝေရှီးကြားမှာ နေ့လယ် ၁ နာရီလောက်က ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီရဲ့ လက်နက်သေတ္တာ ၁၇ လုံး၊ ကျည်အိတ်ကြီး ၃ အိတ်နဲ့ လက်နက်အကြီးအသေး၊ အ‌ေမြာက်တွေ အများအပြား သိမ်းဆည်းရရှိခဲ့ပြီး ကား ၂ စီးကိုလည်း မီးရှို့ရှင်းလင်းခဲ့ကာ တပ်ရင်းမှူးအဆင့် ၁ ဦးနဲ့ ရဲဘော် ၁၀ ဦး သေဆုံးပြီး တချို့က ခြေဦးတည့်ရာ ထွက်ပြေးသွားခဲ့တယ်လို့ ဆိုပါတယ်။

KIA ဘက်က​တော့ ၂ ဦးကျပြီး စစ်​ကောင်စီဘက်က လမ်းပြအဖြစ် ​​ခေါ်လာတဲ့ အရပ်သား ၂ ဦးလည်း ​သေဆုံးခဲ့​ကြောင်း သိရပါတယ်။

ဒါ့အပြင် စက်တင်ဘာ ၂၀ ရက်ကလည်း ဆွမ်ပရာဘွမ်-ပူတာအိုလမ်း၊ ဒရူယန်တံတားအနီး တပ်စွဲထားတဲ့ စစ်ကောင်စီပို့စ်တခုကို KIA တပ်မဟာ ၁၊ တပ်ရင်း ၄ နဲ့ KPF အဖွဲ့တို့ သွားရောက်တိုက်ခိုက်ရာ လက်နက်ခဲယမ်းပစ္စည်း အမြောက်အမြား သိမ်းဆည်းရရှိခဲ့ပြီး အရာရှိ ၁ ဦး အပါ အရှင် နှစ်ဦး ဖမ်းမိကာ ၁၄ ဦး သေဆုံးပြီး အရာရှိ ၁ ဦးနဲ့ ရဲဘော် ၄ ဦး ထွက်ပြေးလွတ်မြောက်သွားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024