Home
ဆောင်းပါး
မွေးမြူရေး ဂုရု ဂျပုကြင်စိုး
DVB
·
September 26, 2023

(က)

“မင့်ညီ သန်းမောင့်အခြေအနေ ဘယ်လိုလဲ စိမ်းမောင်”

“ဟူး . . . ပြန်ထွက်မလာသေးပါဘူးကွာ”

အဘစောမူးသာ့အမေးကို အဘစိမ်းမောင်က သက်ပြင်းမှုတ်ထုတ်ကာ ဖြေပါလေ၏။ ဟိုဘက်လေးငါးရက်က အဘစိမ်းမောင့်တူ သူတို့အစိမ်းပါတီက ရပ်ကျေးစည်းရုံးရေးမှူး ကျော်ကြီး မြို့ငယ်လေးဘက် ဈေးဝယ်သွားရင်း အခြားသူတွေနဲ့အတူ ဆိုင်ကယ်လိုင်စင် အဖမ်းခံရပါသတဲ့။

အဲသည်မှာ အတားခံနေရတုန်း ‘ဒဏ်ကြေးငွေ’ သိန်းဂဏန်းကို မြင်ယောင်လာပြီး ဗြုန်းဆို အတင်းဖြတ်ပြီး မောင်းပြေးသွားတော့ ဟို မအလ စကစကောင်တွေ ရုတ်တရက် အငိုက်မိပြီး မီအောင် လိုက်မဖမ်းနိုင်ပါဘူးတဲ့။

ဒါပေမဲ့လည်း ဘာရမလဲဗျာ . . သာဝနွားတွေပဲဟာ၊ ဖမ်းမိထားတဲ့ ရွာသားတွေကို ထိုးကြိတ်မေးပြီး ရွာအထိ လိုက်ချလာပါသတဲ့။

“အဲဒါကွာ . . . ရွာက ကျော်ကြီးတို့အိမ်အထိ ရောက်လာတယ်၊ ကျော်ကြီးက ဘယ်ရှိမလဲကွာ၊ တခြားမှာ သွားပုန်းနေတယ်လေ”

အဘစောမူးသာက ဖြစ်ကြောင်းကုန်စင်ကို ပြောပြပါ၏။ နောက်ဆုံး ကျော်ကြီးမမိတော့ ကျော်ကြီးအဖေ ဦးသန်းမောင်ကို ဓားစာခံအဖြစ် ဖမ်းခေါ်သွားပါရောတဲ့ ခင်ဗျာ။ ဥပဒေကား မည်သို့ပင်ဆိုထားစေကာမူ မြေပြင်အခြေအနေကတော့ ဖက်ဆစ်တွေ စိုးမိုးထားနိုင်နေသေးသည့် မြို့ရွာနေရာ ဒေသတွေမှာ ဒီလိုပုံစံ ဒီလိုအချိုးချည်းပါကွာဟု စစ်ပြန်ကြီး အဘလုံးတုံးကလည်း ဝင်ပြောပြပါ၏။

စိမ်းသရဖူစိမ်း အဘစိမ်းမောင်ကား သူ့ညီအတွက် ရတက်ပွေကာ ဟိုအဘ သည်အဘတွေဆီ ဖုန်းတွေအလီလီ ဆက်နေရင်းကနေ သူ့တူတော်မောင် ကျော်ကြီးကို ပယ်ပယ်နယ်နယ် ဆဲနေပါလေ၏။

“မအေရိုး ကျော်ကြီး . . .”

“‘မ အ လ ကျော်ကြီး’ လို့ တိုတိုဆဲပါဟ”

“ဝါး . . . ဟားဟား ဟားဟား ဟားဟား”

ဟိုကောင်တွေကား တရားခံမမိမချင်း ဓားစာခံကို ဖမ်းချုပ်ထားမည့် သဘောပါလေ။ ဟိုဘက်လကလည်း အဘလုံးတုံးတို့ရွာမှာ ကလေးမလေးတဦးကို မမိ၍ အိမ်မှာရှိနေသည့် သူ့အမေကို ဖမ်းခေါ်သွားပါသေးသတဲ့။ ဒီလိုဖြစ်ရပ်တွေကား ဒေသအနှံ့မှာ လက်ရှိကို ဖြစ်ပေါ်နေတာဟု ပြောကြပါ၏။

“မင်းတို့အဘ ကြင်စိုး သာဝ မအလတို့အဖွဲ့ဟာ ‘အစိုးရ’ အဖွဲ့ မဟုတ်ဘူး၊ ‘ဓားပြ ပြန်ပေးဂိုဏ်း’ အဆင့်ပဲ ရှိသဟ စိမ်းမောင်ရ”

“ဟားဟား ဟားဟား ဟားဟား ဟားဟား”

ဝိုင်းရယ်ကြသော်ငြား အဘစိမ်းမောင်ကား ဂရုမစိုက်နိုင်အားဘဲ ဖမ်းသည့်မြို့ငယ်လေးမှ ကောင်တွေထက် အဆင့်မြင့်သည်ဟုထင်သည့် တိုင်းမှ သူ့အဘတွေထံ အပူတပြင်း ဖုန်းတွေရှာကြံကာ ဆက်နေပြန်ပါလေ၏။

“‘ရီး’ တဲ့မှပဲ . . . ဖုန်းတွေမကိုင်ကြဘူး”

“ဝါး . . . ဟားဟား ဟားဟား ဟားဟား”

(ခ)

အဘစိမ်းမောင်ကား ကြိုးစားပမ်းစား ထပ်မံ၍ ဖုန်းနံပါတ်တွေ ရှာဖွေကာ ဆက်တော်မူနေပြန်ပါလေ၏ ခင်ဗျာ။ အဘစောမူးသာတို့ အဘလုံးတုံးတို့ကား ပြုံးပြုံး ပြုံးပြုံးဖြင့် သဘောတော် ကျနေကြပါလေ၏။ တိုင်းက အဘဖုန်းတွေကား ဖုန်းကိုင်ပုံ မပေါ်ပါပေ။

“မအေရိုး ကျော်ကြီး”

“ဟားဟား ဟားဟား ဟားဟား . . . . .”

“မအေရိုးကောင်တွေ . . .”

“ဘာကွ . . . မင်းက ငါတို့ကို ဆဲတာလား”

“မင်းတို့ကိုဆဲတာ မဟုတ်ပါဘူးကွာ . . ကျော်ကြီးကို မမိလို့ ငါ့ညီသန်းမောင်ကို ဘာမဆိုင် ညာမဆိုင် ဖမ်းသွားတဲ့ကောင်တွေကို ဆဲတာ”

“ဟားဟား ဟားဟား ဟားဟား . . . . .”

“မင်းတို့ အခုတော့ သိပြီမဟုတ်လားစိမ်းမောင်၊ မင်းတို့ကိုးကွယ်နေတဲ့ မအလကောင်တွေရဲ့ သောက်ကျင့်ယုတ်မှု အစုစုကို”

“မူးသာပြောတာ အမှန်ကွ စိမ်းမောင်ရ၊ ဒီလိုမျိုး မဆိုင်တဲ့သူကို ‘ဓားစာခံ’ ဖမ်းနေတာ မကြာခဏ မြင်ရတော့ ‘မော်စီတုံးကြီး’ ကို သွားပြီးသတိရမိပြန်ရောဟ”

“ဆိုပါဦး အဘလုံးတုံးရဲ့ . . . ‘မော်စီတုံးကြီး’ ကို ဘာဖြစ်လို့ သတိရတာလဲ ခင်ဗျ”

“ဒီလိုကွ ဖေကြီးရ . . . တရုတ်ပြည်မှာ မော်စီတုံးခေတ်တုန်းက သူတို့ကို ပုန်ကန်နေတဲ့သူတွေ တော်လှန်နေတဲ့သူတွေကို အတင်းလိုက်ဖမ်းတယ်”

“ဟုတ်ကဲ့”

“အေး . . . အဲသည်အချိန်က သူတို့အလိုရှိနေတဲ့သူကို သွားရှာတယ်၊ မတွေ့ဘူးဆိုရင် ကျန်တဲ့ တအိမ်သားလုံးကို ဖမ်းတယ်”

“အလိုလေး . . .”

“ဥပမာကွာ . . . စိမ်းမောင်ကို အလိုရှိတယ် ဆိုပါတော့၊ စိမ်းမောင်က ရှောင်နေတယ်ဆိုရင် သူ့မိန်းမ ဒေါ်စိမ်းခင်ရယ်၊ သားကြီး လေမောင်ရယ်ကို ဖမ်းချုပ်ထားလိုက်တာပေါ့”

“မင်းဥပမာကလည်း မဦးမချွတ်ကွာ”

“ဟားဟား ဟားဟား ဟားဟား . . . ဥပမာပေးတာပဲ စိမ်းမောင်ရာ မလန့်ပါနဲ့ဟ”

မော်စီတုံးခေတ်မှာ သူ့အောက်ကကောင်တွေက အဲသည်လိုမျိုးတွေ လုပ်နေတာကို တနေ့ ‘ဥက္ကဋ္ဌကြီးမော်’ သိလည်းသွားရော သူ့ကောင်တွေကို ခေါ်ဆူပြီး၊ အဲသလို မဆိုင်တဲ့သူတွေကို ပြန်လွှတ်ပေးလိုက်လို့ အမိန့်ပေးပြီးတော့ ဒီလိုပြောပါသတဲ့။

“‘မင်းတို့တွေမှာ ပထမ ရန်သူ ၁ ဦးပဲရှိရာကနေ မဆိုင်တဲ့ မိန်းမရယ်၊ သားရယ်ကို ဓားစာခံအဖြစ် ဖမ်းထားလိုက်တဲ့အခါ ရန်သူ ၂ ဦး ထပ်တိုးလာပြီး ရန်သူ စုစုပေါင်း ၃ ဦးတောင်မှ ဖြစ်ပေါ်လာတော့တာပေါ့ကွ’ တဲ့”

“မော်စီတုံးရဲ့ မှတ်သားထိုက်တဲ့ ချွန်မြနေတဲ့ စကားပဲနော် အဘ”

“ဥပမာကွာ . . . စိမ်းမောင်ကိုမမိလို့ သူ့မိန်းမ ဒေါ်စိမ်းခင်ရယ်၊ သားကြီး လေမောင်ရယ်၊ သမီးလတ် နီတာမရယ်ကို ဖမ်းသွားပြီဆိုရင်တော့ မူလ ပထမ ရန်သူ ၁ ဦးကနေ နောက်ထပ် ၃ ဦး ထပ်ပွားပြီး ရန်သူ ၄ ဦး ဖြစ်လာတဲ့ သဘောပေါ့ကွ”

“တော်ပါတော့ လုံးတုံးရာ . . . ရီးတဲ့မှပဲ၊ မင့်ဥပမာတွေကလည်း ငါတို့တမိသားစုလုံး အချုပ်ထဲရောက်မှ အေးမယ့်သဘောပဲ”

“ဝါး . . . ဟား ဟား ဟား ဟား ဟား ဟား”

(ဂ)

အဘစိမ်းမောင်ကား တိုင်းအဘများထံ ဆက်နေတာ မအိုကေပါ၍ နေပြည်တော်မှ အဘများထံ ဆက်ရန် ဖုန်းနံပါတ်တွေ ရှာကြံနေပြန်ပါ၏။

စကားဝိုင်းကား ပုံမှန်ဆက်ဆဲ။ အဘစောမူးသာက ပြောပါ၏။ ကြင်စိုး သာဝ မအလကြီးလည်း မော်စီတုံး ပြောကြားခဲ့သလို ‘ရန်သူမွေး’ တော်သူ ဆရာကြီးတဆူအဖြစ်ကို နေ့ချင်းညချင်း ရောက်ရှိလာနေပါပြီတဲ့။

သူ့မှာ မိတ်ဆွေမရှိသလောက် ဖြစ်သွားသော်ငြား ရန်သူကတော့ ပေါကြွယ်ပြီးရင်း ပေါကြွယ်လာလိုက်တာ ကမ္ဘာပေါ်မှာ ‘ရန်သူအချမ်းသာဆုံး အာဏာရှင်’ အဖြစ် ‘ဂင်းနစ်စံချိန်’ တောင်မှ ဝင်နေပါပြီတဲ့ ခင်ဗျ။

NCA စာချုပ်ကို လက်မှတ်ထိုးခဲ့ကြသော်ငြား အခုအခါမတော့ ‘ဆော်ကြမယ် နှက်ကြမယ်’ အစီအစဉ်တွေဆွဲကာ နေပြည်တော်ကို ချီတက်လာနေကြပါပြီတဲ့။ ဒီလို တိုင်းရင်းသားတပ်တွေနဲ့ တပြည်လုံးက PDF တပ်တွေနဲ့အတူ CDM လုပ်ကာ လူထုရင်ခွင်ကို ခိုလှုံလာခဲ့တဲ့ တပ်မတော်သားတွေ၊ ပြည်သူ့ရဲတပ်ဖွဲ့ဝင်တွေပါ အင်အားတွေစုချည်ကာ ဖက်ဆစ်မအလတွေကို အပြီးတိုင် နှိမ်နင်းဖို့ ကြိုးပမ်းနေကြပါပြီတဲ့။

အဓမ္မကောင် ကြင်စိုး သာဝ မအလ ဟာ ရန်သူမွေးတော်သူ ဆိုတာကို ကမ္ဘာက ရင်သပ်ရှုမော အံ့သြနေကြရပါပြီတဲ့။ စစ်ပြန်ကြီး အဘလုံးတုံးက ပြုံးပြုံးကလေး ပြောပြလာပါ၏။

“အေး . . . အခုဆိုရင် ဒီကောင် ကြင်စိုးမှာ ရန်သူတွေ ပတ်ချာလည် ဝိုင်းနေပြီ။ ‘အာဆီယံ’ ဆိုလည်း သူ့ရန်သူပဲ”

“ဟုတ်သဟ . . .”

“အခုနောက်ဆုံးမတော့ သူ့ရဲ့ အတွင်းစည်းမှာပါ ‘ရန်သူအသစ်တွေ’ ထပ်ပြီးတော့ မွေးလိုက်ပြန်ပြီကွ စိမ်းမောင်ရ”

“သူခန့်ထားတဲ့ ရေချုပ်တွေ၊ လေချုပ်တွေနဲ့တကွ ပြည်ထဲရေးချုပ်တွေကော၊ ဘဏ်လူကြီးတွေကော၊ စက်ဆီလူကြီးတွေကော၊ စားဆီလူကြီးတွေကော၊ ဆန်လူကြီးတွေကော၊ ဒေါ်လာလူကြီးတွေကော . . . ရှိရှိသမျှ အဝဝကို နန်းချ ဖမ်းချုပ် စစ်ဆေး အရေးယူနေပြီ ဆိုတော့ကာ မအလမှာ ရန်သူတွေ အဆပေါင်းများစွာ တိုးသတက် တိုးလာပြန်ပြီပေါ့ကွာ”

“လောဘ ဒေါသ မောဟ အမိုက်မှောင်တွေ ဖုံးနေတဲ့ ကြင်စိုးဟာ ဆက်တိုက် ဆက်တိုက် ဆိုသလို အဆက်မပြတ် တရစပ် ထပ်ပြီး ထပ်ပြီး ထပ်ပြီးကို အမှားတွေ ကျူးလွန်လာဦးမှာ ကျိန်းသေပဲ”

“ဒီတော့ကာ သူ့မှာ ‘မိတ်ဆွေ’ ဆိုတာ မရှိတော့ဘဲ ‘ရန်သူ’ တွေပဲ တိုးပြီးရင်း တိုးရင်းဆိုတော့ ‘သခင်ကြင်စိုး၏ နောက်ဆုံးနေ့များ’ ဆိုတာ များမကြာမီ မလွဲမသွေ ရောက်ရှိလာတော့မယ့် သဘောပါပဲဗျား”

“ဝါး . . . ဟားဟား ဟားဟား ဟားဟား”

ဖေကြီး(လေရှီး)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024