Home
မြန်မာသတင်း
စစ်ကိုင်းတွင် စစ်သားများစီးလာသည့်မီးရထား တိုက်ခိုက်ခံရ၊ တန့်ဆည်ဒေသခံတဦးကို စစ်တပ်က ပစ်သတ်
DVB
·
September 26, 2023

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ထန်းကြီးကျေးရွာအနီးမှာ စစ်ကောင်စီတပ် စီးနင်းလိုက်ပါလာတဲ့ မီးရထားတစီးကို စက်တင်ဘာ ၂၅ ရက် မနက် ၁၀ နာရီခွဲလောက်မှာ ဒေသခံတပ်ရင်းတပ်ဖွဲ့တွေနဲ့ LPDF အဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ ကာကွယ်ရေးခေါင်းဆောင်တွေက ပြောပါတယ်။

“သူတို့ရထားလမ်းပိုင်း ပြင်စဉ်ဖို့ လာတာကို ကျနော်တို့ ဒေသခံအဖွဲ့တွေ ကြိုတင် သတင်းလက်ဦးမှု ရပြီး တိုက်ခိုက်တာ။ တိုက်ပွဲကတော့ တနေကုန်ဖြစ်တာ။ ကိုယ်ဘက်ကလည်း လက်နက်ကြီးတွေနဲ့ အဝေးကနေ ပစ်ခတ်တယ်။ ကျနော်တို့အဖွဲ့တွေထဲက လက်နက်အစစ်ရှိသူတွေကတော့ အနီးကပ် စစ်(-)တွေကို သွားပစ်ကြတယ်။ အသေအပျောက်ကတော့ စုံစမ်းနေလို့ မသိရသေးဘူး။ ကိုယ်ဘက်ကတော့ တဦးထိခိုက်ဒဏ်ရာရရှိခဲ့‌တယ်” လို့ ဝက်လက်မြို့နယ် ဗိုလ်ကျားကြီးအဖွဲ့ ခေါင်းဆောင် ဗိုလ်ကျားက ဒီဗွီဘီကို ပြောပါတယ်။

စစ်တပ်ဝါဒဖြန့် Telegram ချာနယ်မှာတော့ အဆိုပါတိုက်ပွဲသတင်းနဲ့ပက်သက်ပြီး PDF အလောင်း  ၁‌ လောင်း၊ လက်လုပ်သေနတ် (အရှည်) ၁ လက်၊ လက်လုပ်မိုင်း ၄ လုံး၊ နိုင်လွန်ကြိုး ၁ ခွေ၊ ဆိုင်ကယ် ၂ စီး တို့ သိမ်းဆည်းရမိတယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်က စစ်ကိုင်း-ရွှေဘိုမြို့ဘက်ကို သွားလာနိုင်ဖို့ မီးရထားလမ်းပိုင်းကို အခုလို ကြိုးစား ပြင်ဆင်နေတာလို့ သိရပါတယ်။

စစ်ကိုင်းမြို့မှာ ဒေသခံ ကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲမကြာခဏ ဖြစ်နေတာကြောင့် ဒေသခံ အရပ်သားတွေ စစ်ဘေးရှောင်နေရတာ စက်တင်ဘာ ၂၅ ရက်‌နေ့အထိဆိုရင် ၃ လနီးပါး‌ကြာမြင့်နေပြီး စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ အကူအညီလိုအပ်နေပါတယ်။

စစ်ကိုင်းတိုင်း၊‌‌ တန့်ဆည်မြို့နယ် ရွှေတကျေးရွာကို စစ်ကောင်စီတပ် စက်တင်ဘာ ၂၃ ရက်နေ့ နေ့ခင်းက ဝင်ရောက်ပြီး ရွာသားတဦးကို သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါစစ်ကောင်စီတပ်ဟာ စက်တင်ဘာ ၂၂ ရက် မနက်က ကန့်ဘလူနယ် ထန်းကုန်းရွာဘက်ကနေ ကာဘိုးကိုထွက်လာပြီး တန့်ဆည်နယ်အရှေ့ခြမ်း အက်တောရွာနဲ့ သဲကုန်းဘက်ကို အင်အား ၂၀၀ ကျော်နဲ့ စတင်စစ်ကြောင်းထိုးလာတာလို့ ဆိုပါတယ်။

“တန့်ဆည်မြိုထဲ ဝင်ရောက်လာကတည်းက စစ်ကောင်စီနဲ့ ပြည်သူကာကွယ်ရေး ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌တပ်ဖွဲ့တွေ တိုက်ပွဲက မနက်ခင်း ၁၀ နာရီလာက်ကတည်းက စဖြစ်ကြတာဘဲ။ အဲဒီ စက်တင်ဘာ၂၂ရက် နေ့ညပိုင်းမှာ‌ စခတွေ သဲကုန်းရွာမှာပဲ ညအိပ်တပ်စွဲကြတယ်ဗျ။ နောက်တနေ့ စက်တင်ဘာ ၂၃ ရက်နေ့ကျတော့ ရွှေတကျေးရွာဘက်ကို စစ်ကြောင်းထိုပြီး အခုလို ဒေသခံရွာသားတဦးကို သတ်ထားခဲ့ကြတာပါဗျာ။ ဘယ် PDF မှလည်း မဟုတ်ပါဘူး။ အသက်ကလည်း ၆၈ နှစ်ရှိနေပြီ၊ အမည်က ဦးပြားပါ။ သူတို့ရွာကနေ ထွက်သွာပြီး ကာကွယ်ရေးအဖွဲ့တွေ ရှင်းလင်းရးဝင်လို့ စစ်ကောင်စီက ပစ်သတ်ထားခဲ့တဲ့ အဲဒီအလောင်းကို တွေခဲ့ရတာပါဗျလို့ တန်ဆည် ဒေသခံက ပြောပါတယ်။

အသက် ၆၈ နှစ်အရွယ် ဦးပြားရဲ့ ဦးခေါင်းအား စစ်တပ်က အနီးကပ်ပစ်သတ်ခံခဲ့တဲ့အပြင် ရမ်းသန်းပစ်ခတ်တာကြောင့် အသက် ၄၈ နှစ်အရွယ် အမျိုးသမီးတဦး ခြေထောက် ကျည်ထိ ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

စက်တင်ဘာ ၂၂ ရက်ကလည်း တန်ဆည်မြို့အရှေ့ခြမ်းက သဲကုန်းကျေးရွာကို စစ်ကာင်စီက လေယာဉ်နဲ့ပစ်ခတ်လို့ မဝတ်ရည်လဲ့၊ ၂ နှစ်ခွဲအရွယ် မောင်နေသူရိန်ဦးနဲ့ မိခင်ဖြစ်သူ၊ မပြည့်ပြည့်ဝင်း၊ ကိုတရုတ်ကြီးတို့ ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024