တောင်တရုတ်ပင်လယ်ရှိ အဓိကငါးဖမ်းကွက်တွေမှာ တရုတ်နိုင်ငံက တပ်ဆင်ထားတဲ့ ရေပေါ်အတားအဆီးကို ဖယ်ရှားတဲ့ အထူးစစ်ဆင်ရေးတရပ်လုပ်ခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံက စက်တင်ဘာ ၂၅ ရက်မှာ ပြောကြားလိုက်ပြီး ဒါဟာ အာရှရဲ့ အငြင်းပွားဆုံး ရေပိုင်နက်မှာ နှစ်အတော်ကြာ ပိတ်ဆို့ထားပြီးနောက် တင်းမာမှုကို တွန်းလှန်တဲ့ လှုပ်ရှားမှုတခုလည်း ဖြစ်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံဟာ စက်တင်ဘာ ၂၄ ရက်မှာ အမျက်ဒေါသကို ထုတ်ဖော်ပြသခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံမှ ၂၀၀ ကီလိုမီတာ အကွာအဝေးရှိ စကာဘရာရှိုးလ် ကျောက်ဆောင်အနီးမှာ ရှည်လျားတဲ့ ဗော်ယာလုံး ကြိုးတန်းအတားအဆီးတွေကို လုပ်ဆောင်နေတဲ့ တရုတ်ကမ်းခြေစောင့် ရဲတပ်ဖွဲ့ဝင်တွေရဲ့ ဓာတ်ပုံတွေကို ဝေမျှခဲ့ပါတယ်။
အငြင်းပွား စကာဘရာရှိုးလ် ကျောက်ဆောင်အနီး ရေပြင်ဟာ အချုပ်အခြာအာဏာနဲ့ ငါးဖမ်းခွင့်များဆိုင်ရာ နှစ်ပေါင်းများစွာ အဆက်မပြတ် တင်းမာမှုတွေ ဖြစ်နေကျနေရာတခုလည်း ဖြစ်ပါတယ်။
အမျိုးသားလုံခြုံရေး အကြံပေးက အရေးယူဆောင်ရွက်ဖို့ ကတိပြုပြီး နာရီပိုင်းအကြာမှာပဲ သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာနဲ့ တောင်တရုတ်ပင်လယ်ဆိုင်ရာ အထူးတပ်ဖွဲ့ရဲ့ ညွှန်ကြားချက်အရ ဖိလစ်ပိုင် ကမ်းရိုးတန်းစောင့်တပ်က ရေပေါ်အကာအရံတွေကို ဖယ်ရှားခဲ့ပါတယ်။
ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်က နေ့ရက်အချိန် မရေးထိုးရသေးတဲ့ ဗွီဒီယိုတခုထဲမှာ ဝန်ထမ်းတဦးဟာ ရေပေါ်အတားအဆီးတွေကို ဆက်ထားတဲ့ ကြိုးကို ဖြတ်တောက်ပြီး ကျောက်ဆူးကို ဖယ်ရှားနေပုံကို မြင်တွေ့ရပါတယ်။
၁၈ ရာစုတုန်းက ဗြိတိသျှ ကုန်တင်သင်္ဘော သောင်တင်ခဲ့တဲ့ ကျွန်းကွင်းကို အစွဲပြုပြီး အမည်ပေးထားတဲ့ မဟာဗျူဟာကျ စကာဘရာရှိုးလ်ကို တရုတ်က ၂၀၁၂ ခုနှစ်မှာ အတင်း နေရာဝင်ယူခဲ့ပြီး အဲဒီနေရာမှာ ကမ်းခြေစောင့်တပ်နဲ့ ငါးဖမ်းသင်္ဘောတွေ အဆက်မပြတ် ရှိနေခဲ့တာ ဖြစ်ပါတယ်။
Source/Photo-Reuters