Home
မြန်မာသတင်း
ရွှေနှင့် အမေရိကန်ဒေါ်လာဈေး ဆက်တိုက် ပြန်ကျဆင်းလာ
DVB
·
September 25, 2023

ပြီးခဲ့တဲ့ သြဂုတ်လအတွင်းက ကျပ် ၃၉ သိန်းကျော်ထိ စံချိန်တင် မြင့်တက်ခဲ့တဲ့ ပြည်တွင်း ရွှေဈေးက အခု စက်တင်ဘာလကုန်ပိုင်းမှာ ၁ ကျပ်သားကို ကျပ်၃ ၅ သိန်း‌အောက် ရောက်ရှိနေတာကြောင့် ၁ လကျော် အတွင်း ၅ သိန်း ဝန်းကျင် ပြန်ကျဆင်းလာပါတယ်။

အလားတူ အမေရိကန်ဒေါ်လာ ဈေးကလည်း ဩဂုတ်လအတွင်းက ၁ ဒေါ်လာကို ကျပ် ၄၀၀၀ ဝန်းကျင်ကနေ အခု စက်တင်ဘာ ၂၅ ရက်မှာ ၁ ဒေါ်လာကို ၃,၃၇၀ ကျပ်ဝန်းကျင်ရှိပြီး ငွေကျပ် ၆၀၀ ဝန်းကျင် ပြန်ကျဆင်းခဲ့တယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။

စစ်ကောင်စီက နည်းမျိုးစုံနဲ့ ဒေါ်လာဈေးကျဆင်း‌အောင် ထိန်းချုပ်လာတာကြောင့် အပြင် ကမ္ဘာ့ရွှေဈေး အနည်းငယ် ပြန်ကျရိပ်ပြလာတာကြောင့် ဖြစ်တယ်လို့ ရွှေအရောင်းအဝယ် လုပ်ကိုင်သူတွေက သုံးသပ်ပါတယ်။

ရန်ကုန်မြို့က ရွှေလုပ်ငန်းရှင်တဦးက “ဒီလဆန်းပိုင်းကစပြီး ဆက်တိုက် ဆင်းလာတာ ဒီနေ့တော့ အကယ်ဒမီ အခေါက် ၁ ကျပ်သားကို ၃၅ သိန်း အောက်ရောက်လာတယ်။ ပြီးခဲ့တဲ့ တပတ်က ကမ္ဘာ့ဈေးတက်‌ပေမယ့်‌ ပြည်တွင်းဈေးကျတာ။ ဒီနေ့တော့ ကမ္ဘာဈေးလည်း နည်းနည်းပြန်ကျတယ်" လို့ ပြောပါတယ်။

ဒေါ်လာဈေးမြင့်တက်နေတာကိုလည်း စစ်ကောင်စီက နည်းလမ်းမျိုးစုံနဲ့ ထိန်းချုပ်နေပြီး နိုင်ငံခြားငွေလဲလှယ်‌ ရောင်းဝယ်တဲ့ ဝန်ဆောင်မှု လုပ်ကိုင်သူတွေကိုလည်း အသွင်ယူ စောင့်ကြည့် စစ်ဆေး ဖမ်းဆီးတာ‌တွေ ပြုလုပ်နေတာကြောင့် ငွေလဲကောင်တာ အများစု ပိတ်ထားကြပြီး အရောင်းအဝယ်တွေ လျော့ကျနေပါတယ်။

ဒီကနေ့ စက်တင်ဘာ ၂၅ ရက်နေ့ ပြင်ပငွေလဲဈေးကွက်မှာ အမေရိကန်ဒေါ်လာဈေးက ၁ ဒေါ်လာကို ၃၃၇၀ ကျပ် ဝန်းကျင်ရှိနေပြီး ပြင်ပ အခေါက်ရွှေဈေးက တကျပ် သားကို ၃,၄၈၅,၀၀ ကျပ်ဝန်းကျင်မှာ ရှိနေပါတယ်။

ကမ္ဘ့ာ‌ရွှေဈေးကလည်း ဒီနေ့မှာ ၁ အောင်စကို ၁,၉၂၃ ဒေါ်လာသာ ရှိပြီး ပြီးခဲ့တဲ့ သီတင်းပတ်ကတော့ ၁ အောင်စကို ၁,၉၃၀ ဒေါ်လာ အထက်မှာ ရှိခဲ့ပါတယ်။

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း ရည်ညွှန်းဈေးကတော့ ကျပ် ၂,၂၆၅,၅၀၀ ကျော်ရှိပြီး တပတ်အတွင်း ကျပ် ၁၀,၀၀၀ ကျော် ပြန်ကျဆင်းသွားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024