စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်က စစ်ဘေးရှောင်ပြည်သူ ၁၅,၀၀၀ ကျော် စားနပ်ရိက္ခာ လိုအပ်ချက်တွေ ရှိနေတယ်လို့ စစ်ရှောင်အရေး ကူညီပေးနေသူတွေထံက သိရပါတယ်။
ပုလဲမြို့နယ်ကို စစ်ကောင်စီ စစ်ကြောင်းက စက်တင်ဘာ ၉ ရက်ကတည်းက ရောက်ရှိနေတာဖြစ်ပြီး ပုလဲမြို့ ကန်ထောင့်ရွာနဲ့ အင်မထီး (ပျူစောထီးကျေးရွာ) ကို ကူးချည်သန်းချည်လုပ်ပြီး ကျေးရွာတွေအတွင်းကို စစ်ကြောင်းထိုးနေတဲ့အတွက် အနီးဝန်းကျင် ကျေးရွာတွေက ဒေသခံ ၁၅,၀၀၀ နီးပါး စစ်ဘေး တိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။
စစ်ရှောင်တွေဟာ အနီးဝန်းကျင်ကျေးရွာတွေက ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနဲ့ တောစပ်တွေမှာ လှည်းတွေကို နေအိမ်လုပ်ကာ နေထိုင်နေကြရတာ ဖြစ်ပါတယ်။
ပုလဲမြို့နယ်ထဲက တနယ်၊ ပန်းရွာ၊ လှော်ကားရွာ အပါအဝင် မြိုင်မြို့နယ်အစပ်က ကျေးရွာနေ ပြည်သူတွေပါ စစ်ဘေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
စစ်ရှောင်တွေရဲ့ စားရေးသောက်ရေးကို ရပ်ရွာအဖွဲ့အစည်းတွေနဲ့ ကျေးရွာလူထုက စီစဉ်ပေးနေရပြီး စားနပ်ရိက္ခာလိုအပ်ချက် များစွာရှိနေတယ်လို့ စစ်ရှောင်အရေး ကူညီနေသူတွေက ဆိုပါတယ်။
“စစ်ကြောင်းက ရောက်နေတာ ၁၀ ရက်ကျော်ပြီ။ ရွာတွေကို ပြန်ကပ်ဖို့ကတော့ အဆင်မပြေသေးဘူး။ အသက်ကြီးရင့်သူတွေပါတယ်၊ ကျွဲ၊ နွားတွေလည်း ဒုက္ခရောက်တာပေါ့။ ဖျားနာနေသူတွေလည်း များတယ်။ ရာသီတုပ်ကွေးလည်း ဖြစ်ကြတယ်။ အခုလောဆယ် အလိုအပ်ဆုံးကတော့ စားနပ်ရိက္ခာပါ” လို့ စစ်ရှောင်အရေး အကူအညီပေးနေသူတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၃ ရက်က ပုလဲမြို့နယ် ကန်ထောင့်ရဲစခန်းကနေ ကျေးရွာတွေအတွင်း စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ် အင်အား ၁၅၀ ကျော်နဲ့ ဒေသခံ ကာကွယ်ရေး ပူးပေါင်းတပ်တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။