အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်ရှိ ရှန်တီကေတန်မြို့မှာ ပါရဂူဘွဲ့အတွက် ကျောင်းတက်နေတဲ့ မြန်မာနိုင်ငံသားတဦးကို ပြန်ပေးသမားတွေလက်ကနေ အိန္ဒိယရဲတပ်ဖွဲ့က စက်တင်ဘာ ၂၃ ရက်မှာ ကယ်တင်နိုင်ခဲ့တယ်လို့ Indian Press မှာ ဖော်ပြပါတယ်။
ရှန်တီကေတန်မြို့နယ် Visva Bharati တက္ကသိုလ်မှာ Ph.D ဘွဲ့ရယူဖို့ ကြိုးပမ်းနေတဲ့ မြန်မာကျောင်းသားကို စက်တင်ဘာ ၂၁ ရက်မှာ ပြန်ပေးဂိုဏ်းသား ၇ ဦးက ဗဟိုတက္ကသိုလ်အရှေ့မှာရှိတဲ့ သူငှားရမ်းထားတဲ့ နေအိမ်ကနေ လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားခဲ့တာ ဖြစ်ပါတယ်။
သတင်းစာရှင်းလင်းပွဲမှာ ရဲမှူး ရဂျ်နာရာရန်က “CCTV မှတ်တမ်းတွေနဲ့ မိုဘိုင်းဖုန်း တည်နေရာကို အခြေခံပြီး ပြန်ပေးဆွဲတဲ့သူတွေနောက်ကို လိုက်ခဲ့တာပါ။ သူ ပြန်ပေးဆွဲခံရပြီး နာရီ ၃၀ အကြာမှာ ပြန်လည်ကယ်တင်နိုင်ခဲ့သလို ပြန်ပေးဆွဲတဲ့အထဲ ပါဝင်တဲ့ ၁၂ ဦးကိုလည်း ဖမ်းဆီးရမိခဲ့ပါတယ်။ သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာကော စိတ်ပိုင်းဆိုင်ရာ အခြေအနေပါ ကောင်းပါတယ်” လို့ ပြောပါတယ်။
ပြန်ပေးဆွဲတဲ့သူ ၁၂ ယောက်ဟာ မယ်ဒီနီပေါခရိုင်မှာ ၈ ဦးနဲ့ ဘတ်ဟမ်ခရိုင်မှာ ၄ ဦးတို့ဖြစ်ပြီး တရားမဝင် စီးပွားရေးလုပ်ငန်းနဲ့ ပြန်ပေးဆွဲတဲ့လုပ်ငန်းတွေ မကြာခဏ လုပ်ကိုင်တယ်လို့ ပြောကြားခဲ့ပေမဲ့ မြန်မာကျောင်းသားကို ပြန်ပေးဆွဲတဲ့ အကြောင်းအရင်းကိုတော့ ပြောသွားခြင်း မရှိပါဘူး။
ရဲတပ်ဖွဲ့ဝင်တွေဟာ ပြန်ပေးဆွဲရာမှာအသုံးပြုတဲ့ ကား ၂ စီးနဲ့ ဖုန်းတွေကိုလည်း သိမ်းဆည်းခဲ့ပြီး တရားခံ ၁၂ ဦးကို စစ်မေးနေတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
Source/Photo-Indian Press