Home
မြန်မာသတင်း
ကြံစျေးတိုးမြှင့်လာသော်လည်း  တောင်သူများ တွက်ခြေမကိုက်
DVB
·
September 25, 2023

အခုနှစ် ​ကြံကြိတ်ရာသီအတွက် ကြံစျေးနှုန်း တိုးမြှင့်ပေးပေမဲ့ တွက်ခြေမကိုက်ဘူးလို့ ကြံစိုက်တောင်သူတွေက ပြောပါတယ်။

မနှစ် ကြံကြိတ်ရာသီက သန့်စင်ပြီးသား ကြံတတန်ကို ကျပ် ၉၅,၀၀၀ သာ ရရှိခဲ့ပေမဲ့ အခုနှစ်မှာ သန့်စင်ပြီးသား ကြံတတန်ကို နဝဒေးသကြားစက်က ကျပ် ၁၀၀,၀၀၀ နဲ့ ရွှေရည်ပုလဲ သကြားစက်က ကျပ် ၁၁၀,၀၀၀ အထိ စျေးစဖွင့်ခဲ့ပါတယ်။

ကြံစျေးတက်လာပေမဲ့ ကြံစိုက်ပျိုးရာမှာ ကုန်ကျစရိတ်နဲ့ယှဥ်ရင် မပြောပလောက်တာကြောင့် တွက်ခြေမကိုက်ဘူးလို့ ပြည်မြို့ရှိ ကြံစိုက်တောင်သူတဦးက ပြောပါတယ်။

“လက်ရှိ သူတို့ဖွင့်တဲ့စျေးနဲ့ ကျနော်တို့ ဘယ်လိုမှမကိုက်ဘူး။ နဝဒေးကကဖွင့်တာ တသိန်း မနှစ်ကထက် ငါးထောင်ပဲ ပိုများတာ။ ကြံတဧကကိုစိုက်ရင် အရင်က ၁၄ သိန်းလောက်ပဲ ကုန်ပေမဲ့ အခု သိန်း ၂၀ နီးပါးလောက် ကုန်နေပြီ။ တဧကကို ကြံက တန် ၂၀ ကျော်ပဲထွက်တာ။ ကြံခုတ်လှဲရုံနဲ့ မပြီးသေးဘူး၊ သန့်စင်ရဦးမယ်၊ စက်ရုံကို အရောက်ပို့ရဦးမယ်။ အဲ့စရိတ်တွေပါ ထည့်တွက်လိုက်ရင် ကြံတတန် တသိန်းပဲရမယ်ဆို ကျနော်တို့ အရှုံးပေါ်ပါတယ်။”

ကမ္ဘာ့သကြားစျေးနှုန်းမှာ အမြင့်ဆုံးရောက်နေသလို ပြည်တွင်းသကြားစျေးနှုန်းလည်း စံချိန်တင် မြင့်တက်နေပေမဲ့ ကြံစျေးကောင်းမပေးတာဟာ ကြံစိုက်သူတို့အတွက် စဥ်းစားစရာရှိလာပြီလို့ ကြံစိုက်ပျိုးရေးနဲ့​ စျေးကွက်သုံးသပ်သူတဦးက ပြောပါတယ်။

“၂၀၂၁ တုန်းက သကြားတပိဿာကို ၈၀၀ လောက် ရှိတဲ့အချိန် ကြံတတန်ကို ငါးသောင်းကျော် ရတယ်။ အခု သကြားစျေးက လေးထောင်ကျော်နေပေမဲ့ ကြံစျေးက တတန်ကို ကျပ် တသိန်းပဲ ရတာဟာ တောင်သူတွေအတွက် အများကြီးနစ်နာတယ်။ ပုံမှန် ကြံထွက်နှုန်းနဲ့တောင် မကိုက်ကြတာ၊ အခုနှစ်မှာ ရာသီဥ​တု ​အခြေအနေတွေကြောင့် ကြံထွက်နည်းတော့ တောင်သူတွေ အရှုံးပါပေါ်တာပေါ့။ သကြားစျေး ငါးဆလောက် တက်တဲ့အချိန်မှာ ကြံစျေးက နှစ် ဆလောက်ပဲတက်တာ မဖြစ်သင့်ဘူးထင်တယ်။ ကျနော်တို့ ကြံကြိတ်ရာသီဖြစ်တဲ့ ဒီဇင်ဘာအထိ စောင့်ကြည့်နေပါတယ်။ အနိမ့်ဆုံး ၁၄၀,၀၀၀ လောက်ထိရဖို့ ကျနော်တို့ ​မျှော်လင့်ပါတယ်။”

လက်ရှိမှာ စိုက်ပျိုးရေးစရိတ်​တွေ မြင့်တက်လာတာ၊ လမ်းခရီးအခြေအနေ မကောင်းတာနဲ့ တိုက်ပွဲအခြေအနေတွေကြောင့် ကြံစိုက်ဧကတွေ လျော့နည်းလာတယ်လို့ သူက ဆက်ပြောပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ က ကြံစိုက်ဧက ၅ သိန်းကျော်ရှိပေမဲ့ ၂၀၂၂-၂၀၂၃ စစ်ကောင်စီ စိုက်ပျိုးရေးဝန်ကြီးဌာန ထုတ်ပြန်တဲ့ စာရင်းအရ ကြံစိုက်ဧက ၄၃၀,၀၀၀ သာရှိတော့ပြီး ၂ နှစ်အတွင်း ကြံစိုက်ဧက တသိန်းကျော် လျော့နည်းခဲ့ပါတယ်။

​၂၀၂၂-၂၃ ဘဏ္ဍာနှစ်က မြန်မာနိုင်ငံမှာ သကြားတန်ချိန် ၄ သိန်းခွဲခန့် ထွက်ရှိ​ခဲ့ပြီး ၂ သိန်းခန့်ကို ပြည်ပတင်ပို့ခဲ့တယ်လို့ စစ်ကောင်စီရဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စာရင်းအရ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024