Home
မြန်မာသတင်း
မှော်ဘီနှင့် တိုက်ကြီးတွင် ငလျင်လှုပ်
DVB
·
September 25, 2023

ရန်ကုန်တိုင်း၊ မှော်ဘီမြို့ကို ဗဟိုပြုပြီး စက်တင်ဘာ ၂၅ ရက် ဒီနေ့မနက်က  အင်အား ရစ်ချ်တာစကေး ၄ ဒသမ ၀ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားတယ်လို့ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။

ဒီနေ့မနက် မြန်မာစံတော်ချိန် မနက် ၇ နာရီ မိနစ် ၂၀၊  ၄၂ စက္ကန့် အချိန် ကမ္ဘာအေးမြေလျင်စခန်းမှ မြောက်-အနောက်မြောက်ဘက် ၂၅  မိုင်လောက် ကွာဝေးတဲ့ မြန်မာနိုင်ငံပြည်တွင်း မှော်ဘီမြို့ရဲ့  မြောက်-အနောက်မြောက်ဘက် ၅ မိုင်လောက် အကွာ၊ အနက် ၁၀ ကီလိုမီတာ  ဗဟိုပြုပြီး မြေငလျင်တစ်ခု လှုပ်ရှားသွားတာလို့ဆိုပါတယ်။

စက်တင်ဘာလ ၂၄ ရက် မနေ့ညနေ ၅ နာရီ  ၄၄ မိနစ်၊ ၃၇ စက္ကန့် မှာလည်း တိုက်ကြီးမြို့ရဲ့ အရှေ့တောင်ဘက် ၈ မိုင်ခန့်အကွာ အနက်  ၈၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်ချ် တာစကေး ၄ ဒသမ ၀ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင် တစ်ခုလှုပ်ခတ်ခဲ့ပါတယ်။

စက်တင်ဘာ ၂၃  ရက် ညပိုင်းကလည်း  ပဲခူးမြို့အနီး ဗဟိုပြုပြီး  အင်အား ရစ်ချ်တာစကေး ၅ ဒသမ ၁ အင်အားအသင့်အတင့်ရှိတဲ့ မြေငလျင်တစ်ခုလှုပ်ခတ်ခဲ့သလို စက်တင်ဘာ ၂၃ ရက် ညနေ ၅ နာရီခွဲကျော်လောက်ကလည်း ဒိုက်ဦးမြို့ကို ဗဟိုပြုပြီး အင်အား ရစ်ချ်တာစကေး ၃ ဒသမ ၇ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့  မြေငလျင်တစ်ခု လှုပ်ရှားသွားပါတယ်။

အဆိုပါ ငလျင်လှုပ်ခတ်မှုကို ပဲခူးနဲ့ ရန်ကုန်က မြို့နယ်အတော်များများမှာ နေထိုင်သူတွေ သိရှိခံစားခဲ့ရပါတယ်။

စက်တင်ဘာလ ၂၃ ရက်ညက ပဲခူးမြို့အနီးလှုပ်ခတ်ခဲ့တဲ့ မြေငလျင်အပြီးမှာ ရန်ကုန်၊ သင်္ဃန်းကျွန်းမြို့နယ်နဲ့ တိုက်ကြီးမြို့နယ်တို့က လူနေတိုက် ၁ လုံးနဲ့ ဘုန်းကြီးကျောင်းတို့ ထိခိုက်မှုရှိခဲ့တယ်လို့  ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

သင်္ဃန်းကျွန်းမြို့နယ်၊ စံပြဈေးအနီးရှိ စံပြ ၃ လမ်းထဲက ၆ ထပ်အမြင့်ရှိ လူနေတိုက် ၁ လုံးရဲ့ ၅ လွှာနဲ့ ၆ လွှာတို့ဟာ ည ၈ နာရီ ၅၄ မိနစ်လောက်က ပဲခူး ငလျင်အပြီးမှာ ဘေးကပ်ရက်တိုက်နဲ့ တိုက်ချင်းပူးကပ်သွားတာ ဖြစ်ပါတယ်။

တိုက်ကြီးမြို့နယ်မှာတော့  ငလျင်ကြောင့်  ပန်းတပွင့်တောင်နယ်မြေ၊ ဗုဒ္ဓသာသနာပြုတက္ကသိုလ်ရှိ ၂ ထပ်ကျောင်းဆောင်ရဲ့  အပေါ်ထပ် နံရံတွေ ပြိုကျခဲ့ပါတယ်။

ရန်ကုန်မြို့က ကယ်ဆယ်‌ရေးအသင်းဝင်တဦးက “ လူထိခိုက်တာတော့ အခုထိမရှိသေးပါဘူး။ စံပြဈေးနားက တိုက်တ လုံး ယိုင်သွားတာရှိမယ်။ ပန်းတပွင့်တောင်က ဘုန်းကြီးကျောင်းနံရံ ပွင့်သွားတာ ရှိမယ်။ မနက်ပိုင်း ထပ်လှုပ်တာက မနေ့ညကလောက်တော့ မပြင်းဘူး”လို့  ပြောပါတယ်။

အဆိုပါ ငလျင်ကြောင့် ရန်ကုန်မြို့ အထပ်မြင့်တိုက်မှာ နေထိုင်သူတွေ ထိတ်လန့်ပြီး မြေပြင်ကို ပြေးဆင်းခဲ့ကြရပါတယ်။

စက်တင်ဘာ ၂၄ ရက်မှာလည်း ငလျင်ဗဟိုချက်နဲ့ နီးစပ်တဲ့ ရန်ကုန်မြို့၊ တိုက်ကြီး၊ မှော်ဘီနဲ့ လှည်းကူးမြို့နယ်တို့မှာ မနက်အစောပိုင်း ၂ နာရီ ၁၁ မိနစ်၊ ၂ နာရီ ၅၃ မိနစ်နဲ့ ၅ နာရီ ၁၀ မိနစ်လောက်က ငလျင်လှုပ်ခတ်မှု ၃ ကြိမ်လောက်  ဖြစ်ပေါ်ခဲ့ပါတယ်။

ငလျင်လှုပ်ခတ်မှုနောက်ဆက်တွဲကြောင့် ရေလွှမ်းမိုးမှု ဖြစ်ပေါ်နိုင်တဲ့အတွက် ငလျင်ဗဟိုချက်နဲ့ ထိစပ်နေတဲ့ ငမိုးရိပ်ရေလှောင်တမံ၊ လှည်းကူးမြို့နယ်ရေပေးဝေရေးရေလှောင်ကန်တွေကို ငမိုးရိပ် ရေလှောင်တမံထိန်းသိမ်းရေးအဖွဲ့တွေက စစ်ဆေးခဲ့ကြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024