အာရှအားကစားပြိုင်ပွဲတွင် နောက်တဆင့်တက်ရောက်နိုင်ဖို့ အုပ်စုနောက်ဆုံးပွဲစဥ်ဖြစ်တဲ့ အိန္ဒိယအသင်းနဲ့ ပွဲစဥ်ကို ဗိုလ်လုပွဲ တပွဲလို့ ယှဥ်ပြိုင်သွားမယ်လို့ မြန်မာအသင်းနည်းပြ ဖက်ချ်တန်ဘိုင်နာက တရုတ်ကို ရှုံးနိမ့်တဲ့ပွဲအပြီးမှာ ပြောပါတယ်။
မြန်မာအသင်းဟာ အာရှအားကစားပြိုင်ပွဲတွင် အုပ်စု က မှာ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်တို့ နဲ့ကျရောက်နေပြီး ရမှတ် ၃ မှတ် နဲ့ အဆင့် ၃နေရာမှာ ရပ်တည်နေပါတယ်။
နည်းပြ ဖက်ချ်တန်ဘိုင်နာက"အိန္ဒိယနဲ့ပွဲစဥ်က တကယ့်ကိုအရေးပါတဲ့ပွဲစဥ်ဖြစ်ပါတယ်။ နှစ်သင်းလုံးက ဘင်္ဂလားဒေ့ရှ်ကိုနိုင်ပြီး တရုတ်ကို ရှုံးထားကြတယ်။ အုပ်စုဒုတိယနေရာအတွက်ကို ကျနော်တို့ ဗိုလ်လုပွဲတပွဲလိုက စားသွားမှာပါ။ တရုတ်နဲ့ပွဲအပြီး နားရက် နှစ်ရက် ရခဲ့အတွက်လည်း ကျနော့်ကစားသမားတွေ အိန္ဒိယနဲ့ပွဲအတွက် အဆင်သင့်ဖြစ်မယ်လို့ မျှော်လင့်ပါတယ်" လို့ ပြောပါတယ်။
အာရှအားကစားအမျိုးသားဘောလုံးပြိုင်ပွဲတွင် အုပ်စု ၆ ခုမှ ပထမရ ၆ သင်း၊ ဒုတိယရ ၆ သင်း နဲ့ အကောင်းဆုံး တတိယ ၄ သင်းက နောက်တဆင့်ကို တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။
မြန်မာအသင်းအနေဖြင့် နောက်တဆင့်တက်ဖို့ သေချာအောင် အိန္ဒိယကို အနိုင်ကစားရမှာဖြစ်ပြီး သရေနဲ့ရှုံးနိမ့်ပါက နောက်တဆင့်တက်ဖို့ တခြားအုပ်စုမှ တတိယရတဲ့အသင်းတွေရဲ့ ရလာဒ်တွေကို စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။
မြန်မာအသင်းနဲ့ အိန္ဒိယအသင်းတို့ရဲ့ အုပ်စုနောက်ဆုံးပွဲစဥ်ကို စက်တင်ဘာ ၂၃ ရက်(ယနေ့) မြန်မာစံတော်ချိန် ည ၆ နာရီမှာ ကစားသွားမှာ ဖြစ်ပါတယ်။
Photo.MFF