Home
မြန်မာသတင်း
ဖမ်းဆီးထိန်းသိမ်းထားသည့် စစ်ကောင်စီမိသားစုဝင်များအား ပြန်လွှတ်ပေး
DVB
·
September 24, 2023

ကယား(ကရင်နီ)ပြည်နယ်၊ မယ်စဲ့မြို့နယ်တိုက်ပွဲမှာ ရဲစခန်းကနေ ထွက်ပြေး တိမ်းရှောင်ရင်း ဖမ်းဆီးရမိထားတဲ့ အကြမ်းဖက်စစ်ကောင်စီ မိသားစုဝင် ၁ စုနဲ့ ရဲမိသားစုဝင် ၂ စုကို လမ်းစရိတ်ထောက်ပံ့ပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ ပြည်သူ့ ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-Local PDF)က ထုတ်ပြန်ပါတယ်။

မယ်စဲ့ရဲစခန်းကိုမသိမ်းခင် ဇွန် ၁၆ ရက်နေ့မှာ ပြည်သူ့ကာကွယ်ရေးတပ်က မယ်စဲ့မြို့ထဲကင်းလှည့်နေတုန်း ရဲစခန်းကနေ တိမ်းရှောင်လာတဲ့ ကလေး ၃ ယောက်အပါအဝင် စစ်တပ်နဲ့ ရဲ မိသားစုဝင် ၉ ယောက်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

အဲဒီရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေ ပြည်သူနဲ့ပူးပေါင်း CDM ပြုလုပ်ဖို့အတွက် အဲဒီနေ့မှာပဲ သူတို့ထဲက ရဲတပ်ကြပ်ကြီးဇနီးကိုယ်တိုင် စခန်းကိုသွားရောက် စာပို့ခဲ့ပေမဲ့ ရဲအရာရှိက စာကိုလက်ခံထားပြီး သူ့အမျိုးသားနဲ့တော့ တွေ့ခွင့်မပေးခဲ့ဘူးလို့ ထုတ်ပြန်ထားပါတယ်။

နောက်နေ့မှာလည်း အဲဒီအမျိုးသမီးက သူ့အမျိုးသားဆီကို ထပ်ပြီးစာပေးချင်တယ်လို့ တောင်းဆိုတာကြောင့် တပ်ဖွဲ့က စာရေးပြီး သွားရောက်ခွင့်ပြုခဲ့ပေမဲ့ ရဲစခန်းကတော့ လက်ခံတွေ့ဆုံခွင့်မပေးခဲ့ပါဘူး။

သူတို့ကိုဖမ်းဆီးပြီး ၁ ပတ်အကြာ ဇွန် ၂၃ ရက်နေ့မှာ ကယား(ကရင်နီ)ပြည် ပူးပေါင်းတော်လှန်ရေးအင်အားစုတွေက မယ်စဲ့ရဲစခန်းနဲ့ မယ်စဲ့တောင်ပေါ် စစ်တပ်စခန်းကို ဝင်ရောက်သိမ်းပိုက်တဲ့အချိန်မှာတော့ သူတို့ရဲ့ အမျိုးသားတွေအားလုံး သေဆုံးသွားတယ်လို့ သိရပြီး သူတို့ကို မယ်စဲ့စခန်းဆီ ပြန်မပို့ဖို့ တောင်းဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါကြောင့် လုံခြုံတဲ့နေရာကို ခက်ခက်ခဲခဲခေါ်ဆောင်ထိန်းသိမ်းထားပြီး အဲဒီကာလမှာ ခြိမ်းခြောက်တာ၊ ရိုက်နှက်တာ၊ နှိပ်စက်တာတွေ လုံးဝ မပြုလုပ်ဘဲ တော်လှန်ရေး တပ်ဖွဲ့နဲ့တန်းတူ လိုအပ်တဲ့ အစားအစာ၊ အဝတ်အထည်၊ အသုံးအဆောင်ပစ္စည်းတွေနဲ့ ကျန်းမာရေး စောင့်ရှောက်ပေးထားခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

အခု စက်တင်ဘာ ၁၈ ရက်နေ့မှာတော့ အဲဒီရဲနဲ့စစ်သားမိသားစုဝင်တွေဟာ သူတို့ရဲ့နေရပ်ကိုပြန်ချင်တယ်လို့ တောင်းဆိုလာတာကြောင့် လမ်းစရိတ် ကျပ် ၅ သောင်းနဲ့အတူ ဒီးမော့ဆို PDF တပ်ဖွဲ့က လုံခြုံတဲ့နေရာတခုအထိ ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၂၃ ရက်နေ့က မယ်စဲ့မြို့ BP 13 စခန်းကုန်းမှာရှိတဲ့ ခမရ ၄၃၀ ကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ကျန်တဲ့ စစ်သားတွေက  တော်လှန်ရေးတပ်ဖွဲ့ဆီကို လက်နက်ခဲယမ်းအစုံအလင်နဲ့ အလင်းဝင် ခဲ့တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024