ကနေဒါနိုင်ငံ၊ ဗြိတိသျှကိုလံဘီယာပြည်နယ်၊ ဗန်ကူးဗားစီရင်စု၊ ကိုကွစ်လန်းမ်မြို့မှာ စက်တင်ဘာ ၂၂ ရက်၊ မနက်ပိုင်းက ပစ်ခတ်မှုဖြစ်ပွားပြီး တော်ဝင်ရဲတပ်ဖွဲ့ဝင်တယောက် သေဆုံးပြီး ၂ ယောက် ဒဏ်ရာ ရသွားပါတယ်။
ဗန်ကူးဗားမြို့ရဲ့ အရှေ့ ပိုင်းမှာ ရှာဖွေရေးဝရမ်းအတိုင်း လိုက်ပါဆောင်ရွက်ခဲ့တဲ့ ရဲတပ်သားရစ်ခ် အိုဘရိုင်ယန်အနေနဲ့ သေနတ်ဒဏ်ရာကြောင့် အခင်းဖြစ်ရာမှာတင် ကွယ်လွန်သွားခဲ့တာပါ။
အိုဘရိုင်ယန်ဟာ ရစ်ချ်မယ့်ဒို့စ်ရဲတပ်ဖွဲ့မှာ ၇ နှစ်တာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဂုဏ်ထူးဆောင် တပ်ဖွဲ့ဝင်တစ်ဦး ဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
အပြန်အလှန် ပစ်ခတ်မှုအပြီးမှာတင် သူ့ကိုချက်ချင်း ဆေးကုသပေးခဲ့ပေမယ့် ဒဏ်ရာ တွေကြောင့် အသက်ဆုံးရှုံးခဲ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီဖြစ်ရပ်အတွင်း တခြားရဲအရာရှိ ၂ ဦးပါ ဒဏ်ရာ အနည်းငယ် ရရှိခဲ့သလို သံသယရှိသူကိုလည်း အသက်အန္တရာယ် မစိုးရိမ်ရတဲ့ ဒဏ်ရာတွေနဲ့အတူ ဆေးရုံတင်ထားကြောင်း အတည်ပြုပါတယ်။
Source/Photo-Reuters