ပီရူးနိုင်ငံဟာ ခိုးယူခံခဲ့ရတဲ့ ရှေးဟောင်းပစ္စည်း ၇၆ ခုကို စက်တင်ဘာ ၂၂ ရက်မှာ ပြန်လည်ရရှိခဲ့ပြီး အန်ဒီယန်နိုင်ငံရှိ ပျောက်ဆုံးသွားတဲ့ ယဉ်ကျေးမှုမျိုးစုံမှ ဟစ်စပန်းနစ် ခေတ်ကြိုကာလက အမွေအနှစ်တွေ ပါဝင်ပါတယ်။
အနောက်ကမ္ဘာခြမ်းရှိ စပိန်သိမ်းပိုက်မှုတွေ မတိုင်မီ ကာလတွေဖြစ်တဲ့ မိုချီခေတ်၊ နဇ်ကာခေတ်၊ ဟွာရီခေတ်၊ ချီမူးခေတ်၊ အင်နာခေတ်တို့မှ ပီရူးရဲ့ အဖိုးတန် ယဉ်ကျေးမှုအမွေအနှစ်တွေကို အာဂျင်တီးနား၊ ဘယ်လ်ဂျီယံ၊ အမေရိကန်နဲ့ ဆွစ်ဇာလန်နိုင်ငံတွေကနေ ပြန်လည်လွှဲပြောင်း ပေးခဲ့ပါတယ်လို့ နိုင်ငံခြားရေးရာ ဒုဝန်ကြီး အစ်ဂ်နာစီယို ဟီဂဲရာစ်က ပြောပါတယ်။
ပြန်ရရှိထားတဲ့ ပစ္စည်းအများစုကို အဖွဲ့အစည်းများနဲ့ လူပုဂ္ဂိုလ်တွေက ဆန္ဒအလျောက် ပြန်လည် ပေးအပ်ခဲ့ကြတာဖြစ်ကြောင်း ပီရူးနိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောကြားခဲ့ပါတယ်။
သီးခြားအားဖြင့် စက်တင်ဘာ ၂၂ ရက်မှာပဲ ပီရူးအလုပ်သမားတွေဟာ မြို့တော်လီမာမှာ ဓာတ်ငွေ့ ပိုက်လိုင်း တခု တပ်ဆင်နေချိန်မှာ နှစ်ပေါင်း ၁ ထောင် လောက် သက်တမ်းရှိတဲ့ အသုဘပစ္စည်း ၈ ထုပ်ကို တူးဖော်တွေ့ရှိခဲ့ပြီး အဲဒီနေရာဟာ ကလေးသင်္ချိုင်းလိုမျိုး မှတ်သားထားကြောင်း ရှေးဟောင်း သုတေသန ပညာရှင်တွေက ပြောပါတယ်။
အဲဒီအထုပ်တွေထဲမှာ ကလေးအလောင်း ၆ ခုနဲ့ လူကြီးအလောင်း ၂ ခု တို့ဖြစ်ပြီး အရင်ရှာဖွေ တွေ့ရှိခဲ့တဲ့ သင်္ချိုင်း ၂၈ ခုကနေ မီတာ ၁၀၀ ဝန်းကျင်မှာ တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။
လီမာမြောက်ပိုင်း ကာရာဘိုင်းယို ခရိုင်မှာ ရှာဖွေတွေ့ရှိမှုအရ အဲဒီနေရာဟာ ဒေသတွင်း စိုက်ပျိုးရေးကို ထိခိုက်နိုင်တဲ့ ရာသီဥတု ဖောက်ပြန်မှုကြောင့် ဖြစ်လာတဲ့ ပြင်းထန် သွေးအားနည်း ရောဂါကို ခံစားရပြီး သေဆုံးသွားတဲ့ ကလေးငယ်တွေအတွက် သင်္ချိုင်းတစ်ခုဖြစ်နိုင်ကြောင်း ဓာတ်ငွေ့ ကုမ္ပဏီ ကာလစ်ဒါ မှ ရှေးဟောင်းသုတေသန ပညာရှင် ယဲဆွတ် ဘာဟာမွန်ဒယ် ရှရိုက်ဘာက ပြောကြားပါတယ်။
Source/Photo-Reuters