ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့ကို တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၈ ယောက်ကို စက်တင်ဘာ ၂၂ ရက်နဲ့ ၂၃ ရက်နေ့တို့မှာ ဖမ်းဆီးရမိခဲ့တယ်လို့ တာ့ခ်ခရိုင် လူဝင်ကြီးကြပ်ရေးဌာနက ထုတ်ပြန်ပါတယ်။
တာ့ခ်ခရိုင်လူဝင်ကြီးကြပ်တားဆီးနှိမ်နှင်းရေးအရာရှိတွေဟာ လုံခြုံရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး စက်တင်ဘာ ၂၁ ရက်နေ့က အမှတ် ၆ ဘန်ဟာဟင်းဖွန်ကျေးရွာအုပ်စု စစ်ဆေးရေးဂိတ်မှာ စစ်ဆေးနေတုန်း မနက် ၆ နာရီခွဲမှာ တရားမဝင်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၄ ယောက်ကို ဖမ်းဆီးရမိခဲ့သလို မနက် ၉ နာရီမှာလည်း သက်တမ်း ၇၂၄ ရက်ကျော် စာရွက်စာတမ်းနဲ့ ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၁ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
စက်တင်ဘာ ၂၃ ဒီနေ့ မနက် ၆ နာရီခွဲအချိန်မှာလည်း တရားမဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၃ ယောက်ကို ထပ်မံဖမ်းဆီးရမိပြီး စာရွက်စာတမ်း အထောက်အထားမပါရှိတဲ့ မြန်မာ ၇ ယောက်ကို ဦးကို တာ့ခ်ခရိုင် လူဝင်ကြီးကြပ်ရေးဌာနကိုပို့ဆောင် စစ်ဆေးနေတယ်လို့ ဆိုပါတယ်။
သက်တမ်း ၇၂၄ ရက်ကျော်စာရွက်စာတမ်းနဲ့ ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁ ယောက်ကိုတော့ မဲဆောက်ရဲစခန်းမှာ ဆက်လက်စစ်ဆေးနေတယ်လို့ တာ့ခ်ခရိုင် လူဝင်ကြီးကြပ်ရေးဌာနက ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံနယ်စပ်၊ မြဝတီမြို့မှာ တိုက်ပွဲတွေနဲ့ မတည်မငြိမ်ဖြစ်တာကြောင့် မဲဆောက်မြို့မှာ မြန်မာနိုင်ငံသားတွေ နေတဲ့နေရာတွေနဲ့ စစ်ဆေးရေးဂိတ်တွေမှာ နေ့တိုင်း ဖမ်းဆီးစစ်ဆေးတာတွေရှိနေပြီး စက်တင်ဘာအတွင်း ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသား ၅၀ နီးပါးရှိနေပြီလို့ မဲဆောက်မှာရှိတဲ့ မြန်မာတွေက ပြောပါတယ်။
မဲဆောက်မြို့မှာ ခွင့်ပြုချက်မရှိဘဲ နေထိုင်နေတဲ့ နိုင်ငံခြားသားတွေနဲ့ ခိုးဝင်နေတဲ့ နိုင်ငံခြားသားတွေကို စီမံချက်နဲ့ ဖမ်းဆီးသွားမယ်လို့ စက်တင်ဘာလဆန်းမှာ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ခဲ့ပါတယ်။
Source/Photo.Tak Immigration