စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်အရှေ့ခြမ်းက သဲကုန်းကျေးရွာကို စက်တင်ဘာ ၂၂ ရက် မနေ့က နေ့ခင်းပိုင်းအချိန်မှာ စစ်ကောင်စီက လေကြောင်းကနေပစ်ခတ်ခဲ့လို့ ကလေးတယောက် အပါအဝင် ၄ ယောက်ထိမှန်ပြီး အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
Mi 35 တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ လာရောက်ပစ်ခတ်တာဖြစ်ပြီး စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲမှာ စစ်ကောင်စီဘက်ကအကျဆုံးများတာကြောင့် လေကြောင်းပစ်ကူတာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သဲကုန်းရွာသားတယောက်က “ဖြစ်တာက ဒီလိုဗျ။ မနေ့ညပိုင်းက တန့်ဆည်မြို့ပေါ်ကို ကာကွယ်ရေးအဖွဲ့တွေ ဝင်သိမ်းတာ စစ်ကောင်စီ အများအပြားသေလို့ ကန့်ဘလူမြို့နယ် ကာဘိုးကနေ တန့်ဆည်မြို့ကို နောက်ထပ်အင်အားလာဖြည့်တဲ့ စစ်ကြောင်းကို ကာကွယ်ရေး အဖွဲ့တွေက ပိတ်ပစ်တာ။ အဲလိုပိတ်ပစ်တော့ ထွက်ပေါက်ပိတ်ပြီး အကျဆုံးများလို့ လေယာဉ်နဲ့လာပစ်တာဖြစ်တယ်ဗျ။ ပစ်တာကတော့ ကျနော်တို့ရွာ ပတ်ပတ်လည်ကို ၅ ပတ်၊ ၆ ပတ်လောက်ကို ပတ်ပစ်တာလေ” လို့ ပြောပါတယ်။
အဲဒီလို ပစ်ခတ်တာကြောင့် ၆ နှစ်အရွယ် ကလေးတယောက်နဲ့ အသက် ၂၀ အရွယ် မိန်ကလေးတယောက်၊ အသက် ၃၅ နှစ်အရွယ် အမျိုးသား ၂ ယောက် ကျည်ထိမှန်ခဲ့ပြီး ၄ ယောက်လုံး အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ သူက ဆက်ပြောပါတယ်။
ကန့်ဘလူမြို့နယ်၊ ကာဘိုးရွာကနေ မူးမြစ်ကိုဖြတ်ပြီး စစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်းက သဲကုန်းရွာအနီးမှာရှိနေတာကြာင့် ဒေသခံရွာသားတွေ အသက်လု စစ်ဘေးရှာင်နေကြရဆဲဖြစ်ပြီး ကျေးရွာအတွင်းက အပျက်အစီးနဲ့ ဒေသခံ အထိခိုက်စာရင်းကို အတိအကျ မပြောနိုင်ကြသေးဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။