မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်ခွဲနီးပါးအကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ် သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူအယောက် ၄,၁၀၀ နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၂၄,၈၃၂ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားပါတယ်။
ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၂ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူ တွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။
နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၉,၂၆၀ ယောက် လက်ရှိ ချုပ်နှောင်ခံ ထားရဆဲ ဖြစ်ပြီး အဲဒီထဲက ၇,၃၆၄ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါ တယ်။
တော်လှန်ရေးနဲ့ ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်း သိမ်းခံနေရသူ အရေအတွက်ကတော့ ၁၀၇ ယောက် ရှိနေပြီး မျက်ကွယ်သေဒဏ်ချ မှတ်ခံထားရသူ ၄၃ ယောက်အပါအဝင် ၁၁၉ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၅၀ ယောက် ရှိလာ ခဲ့ပြီ ဖြစ်ပါတယ်။
လတ်တလောအချိန်ထိ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၅,၅၇၂ ယောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၊ မှတ်တမ်းနှင့် သုတေသနဌာန က ကောက်ယူထားတဲ့ သတင်းအချက်အလက်တွေအရ ပြီးခဲ့တဲ့ စက်တင်ဘာ ၁ ရက်ကနေ ဒီကနေ့အထိ စစ်ကိုင်းတိုင်းမှာ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး ၂ ယောက်နဲ့ အမျိုးသား ၂၆ ယောက်၊ စုစုပေါင်း ၂၈ ယောက်သေဆုံးခဲ့ပြီး ပစ်ခတ်မှုကြောင့် သေဆုံးသူ အရေအတွက်မှာ ၁၅ ယောက်နဲ့ အများဆုံးဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် အဆိုပါကာလအတွင်း စစ်ကိုင်းတိုင်းမှာ အကြမ်းဖက်စစ်အုပ်စုက အမျိုးသား ၇ ယောက်ကို ဖမ်းဆီးခဲ့ပြီး စစ်အုပ်စု လက်အောက်ခံ တရားရုံးတွေက မတရားပုဒ်မတွေ နဲ့ ထောင်ဒဏ်ချမှတ်ခံခဲ့ရသူ အမျိုးသမီး ၁၂ ယောက်နဲ့ အမျိုးသား ၅၃ ယောက်၊ စုစု ပေါင်း ၆၅ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၇ ရက်ကလည်း ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို ဆန်တက်လာတဲ့ အကြမ်းဖက်စစ်အုပ်စု စစ်သင်္ဘောတွေက စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ တုတ်ကြီး ကျေးရွာအနီးမှာ တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်အုပ်စုတပ်က ကျေးရွာအတွင်း ဝင်ရောက်စီးနင်းကာ နေအိမ် ၄၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး အမျိုးသား ၇ ယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူတွေကတော့ သံပုရာကုန်းကျေးရွာက ကိုရဲမောင်နဲ့ ကိုဉာဏ်ထွန်း (ခ) ကိုက်ကိုက်၊ တုတ်ကြီးကျေးရွာက ဦးအောင်လင်းနဲ့ ဦးခင် မောင်ဌေးတို့ ဖြစ်ကြပြီး သူတို့ရဲ့ ရုပ်အလောင်းတွေကို တုတ်ကြီးကျေးရွာအတွင်း တွေ့ရှိ ခဲ့ရတယ်လို့ ဆိုပါတယ်။
ကိုရဲမောင်နဲ့ ကိုဉာဏ်ထွန်း (ခ) ကိုက်ကိုက်တို့က ပစ်ခတ်ခံရပြီး သေဆုံးခဲ့ရကာ ဦးအောင်လင်းနဲ့ ဦးခင်မောင်ဌေးတို့ကတော့ မီးရှို့ခံရပြီး သေဆုံးခဲ့ရ တာလို့ ဆိုပါတယ်။
ကျန်သေဆုံးသူ ၃ ယောက်ဖြစ်တဲ့ တုတ်ကြီးကျေးရွာသား ကိုချဲ၊ ကိုဘိုဘိုထွန်းနဲ့ ကိုအောင်သန်းတို့ရဲ့ ရုပ်အလောင်းတွေကိုတော့ ဒီကနေ့အထိ မတွေ့ရှိရ သေးဘူးလို့ အေအေပီပီက ပြောပါတယ်။