Home
မြန်မာသတင်း
ဘီးလင်းနှင့် ကျိုက်ထိုတွင်  စစ်ကောင်စီတပ်ဖွဲ့များ ဒရုန်းဖြင့် တိုက်ခိုက်ခံရ 
DVB
·
September 22, 2023

မွန်ပြည်နယ် ဘီးလင်းမြို့နယ်ရှိ အလူးလေးကျေးရွာတာရာဆိုင်အနောက် ခြင်္သေ့နှစ်ကောင် လမ်းဆုံ နဲ့ MK ဆီဆိုင်ရှေ့ နေရာတွေမှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို စက်တင်ဘာ ၂၁ ရက် မနက် ၁၀ နာရီကျော်လောက်မှာ ဒရုန်းနဲ့ ၃ ကြိမ်တိုက်ခိုက်ခဲ့တယ်လို့ ကျိုက်ထိုတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

မနက် ၁၀ နာရီ ၁၂ မိနစ်မှာ ပထမ အကြိမ် ဒရုန်းဗုံးသီး ၂ လုံး၊ မနက် ၁၀ နာရီ ၄၉ မိနစ်မှာ ဒုတိယအကြိမ် ဒရုန်းဗုံးသီး ၂ လုံး၊ ၁၁ နာရီ ၂၄ မိနစ်အချိန်မှာ တတိယအကြိမ် ဒရုန်းဗုံးသီး ၂ လုံးနဲ့ ပစ်ချတိုက်ခိုက်ခဲ့တယ်လို့ ကျိုက်ထိုတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

“ပစ်မှတ်တွေ အားလုံးထိမှန်ခဲ့တယ်ဆိုတော့ စစ်ကောင်စီဘက်က ထိခိုက်တာ ၃ ယောက်ရှိတယ်၊ စစ်ကောင်စီဘက်က ပြန်လည်ပစ်ခတ်ခဲ့ပေမဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်ဘက်က ထိခိုက်မှု မရှိကြဘူး။” 

အဆိုပါစစ်ဆင်ရေးကို ကျိုက်ထို KNU၊ KNLA၊ TPDF သူရိယစစ်ကြောင်း၊ PPDF-KD ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ ရန်ကုန်-မော်လမြိုင် ကားလမ်းအနီး သစ်ကွင်းလမ်းစုံဂိတ် ကျိုက်ထီးရိုးလေးလမ်းခွဲ သစ်ကွင်းလမ်းစုံဂိတ်တဝိုက်မှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီ တပ်စိတ်အား စက်တင်ဘာ ၁၉ ရက် မနက် ၉ နာရီလောက်မှာ တောကျီးကန်းစစ်ကြောင်း တပ်ခွဲ (၂) နဲ့ KNU/KNLA ပူးပေါင်းတပ်က သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ တောကျီးကန်း စစ်ကြောင်း တာဝန်ရှိသူက ပြောပါတယ်။

စစ်ကောင်စီဘက်  ၅ ဦး သေဆုံးခဲ့ပြီး ပူးပေါင်းတပ်များဘက်မှ ထိခိုက်ဒဏ်ရာရရှိမှု တစုံတရာ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင် တဦးက  “၁ နာရီနီးပါးလောက် တိုက်ပွဲက ကြာသွားတယ်။ ကားလမ်းဘေးမှာဖြစ်တော့ ကားတွေ ပုံမှန်ပဲသွားကြတာပါ။ အရပ်သားထိခိုက်မှုတော့ မရှိဘူး” လို့ ပြောပါတယ်။

ရန်ကုန် မော်လမြိုင်ကားလမ်းမှာ စစ်ကောင်စီရဲ့ ထောက်ပို့ယာဥ်တွေ မကြာခဏကြားဖြတ် တိုက်ခိုက်ခံရလေ့ရှိပြီး အထိနာနေတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024