Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအတွင်း တိုက်ပွဲများ ပြင်းထန်ဖြစ်ပွား
DVB
·
September 22, 2023

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ပေါ် အဝိုင်းပတ် အနောက်ခြမ်းမှာရှိတဲ့ စစ်ကောင်စီ၊ ပျူစောထီး ပူပေါင်းအထိုင်ချရာနေရာကို  စက်တင်ဘာ ၂၂ ရက် ဒီမနက်အစောပိုင်း ၁၂ နာရီ ၃၃ မိနစ်က စတင်ကာ မနက် ၃ နာရီခွဲအထိ စခန်းသိမ်းတိုက်ပွဲ ပြုလုပ်ခဲ့တယ်လို့ တန့်ဆည်မြို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဆီကနေ သိရပါတယ်။

အဆိုပါစခန်းသိမ်းတိုက်ပွဲကို အမှတ် ၁ ရွှေဘိုခရိုင် စစ်ဒေသကွပ်ကဲရေးအောက်က တန့်ဆည် ပြည်သူ့ကာကွယ်ရေးအဖွဲ့စုံ ပူးပေါင်းတိုက်ခိုက်တာ ဖြစ်တယ်လို့လည်း သိရပါတယ်။

တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူက “သူတို့စခန်းက ရွှေဒေါင်းမင်း ပန့်ဆီဆိုင်ဟောင်းနေရာနဲ့ လဝကရုံး နေရာများကို သူတို့ စခန်းချနေတယ်ပေါ့ဗျ။ အဲဒါကို ကျနော်တို့ ဝင်စခန်းသိမ်းခဲ့တာဗျ။ သူတို့ဘက်က အရာရှိ အပါအဝင် ရဲဘော်၊ ပျူ ၂၀ ကျော် ကျဆုံးသွားတယ်ဗျ။ ကျနော်တို့ စခတွေရဲ့G3၊ M13၊ ကာဘိုင် အပါအဝင် လက်နက် ၁၃ လက်နဲ့ အရာရှိကိုင်တဲ့ ခြောက်လုံးပြူး ၁ လက် သိမ်းဆည်းနိုင်ခဲ့တယ်” လို့ ပြောပါတယ်။

အခုတိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးဘက်က ရဲဘော်တဦး ကျဆုံးခဲ့ရပြီး နောက်ထပ် ရဲဘော် ၆ ဦးကတော့ မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့‌တယ်လို့လည်း သိရပါတယ်။

တန့်ဆည် PDF ခေါင်းဆောင်တယောက်က “နောက်ဆုံး အတွင်းသတင်းရထားတာက ရဲတပ်ရင်း ၁၆ က တပ်ကြပ်ကြီးတ‌ယောက် ပါတယ်။ နောက်ထပ် ရဲတပ်ကြပ်အဆင့် ၂ ယောက်ပါတယ်။ ဒုတပ်ကြပ် ၁ ယောက်ပါတယ်။ ခြောက်လုံးပြူးကိုင်တဲ့အဆင့်ရှိသူဆိုရင် ဒုရဲအုပ်၊ ဒါမှမဟုတ်ရင်လည်း စခန်းမှူးအဆင့်တဦး သေတယ်ပေါ့ဗျ။ ဒါက အရာရှိသေတဲ့ အရေအတွက်ပါဗျ။ ရဲဘော်၊ ပျူတွေရောဆိုရင် အယောက် ၂၀ အထက်မှာ ရှိမယ်” လို့ ပြောပါတယ်။

အခုလို စခန်းသိမ်းခံနေရတဲ့ နေရာနဲ့ တန့်ဆည်မြို့မရဲစခန်းက ၄ ဖာလုံလောက်သာ ဝေးကွာပြီး အဆိုပါ တန့်ဆည်မြို့မရဲစခန်းက စစ်ကူ လာရောက်တိုက်ခိုက်တာမျိုးလည်း မရှိခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာ ၂၂ ရက်‌ မနက်ခင်းမှာတော့ စစ်ကောင်စီတပ်က မြို့တွင်း အဝင်အထွက်ကို လုံခြုံရေးတင်းကျပ်ပြီး စစ်ဆေးရေးတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

မင်းကင်းမြို့နယ်မှာတော့ ချင်းတွင်းမြစ်အောက်ဘက်ကို စုန်ဆင်းလာတဲ့ စစ်အုပ်စု ဖလပ်မော်တော်တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ စက်တင်ဘာ ၂၀ ရက် နေ့လယ် ၂ နာရီလောက်က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံကာကွယ်ရေးခေါင်းဆောင်တွေက ပြောပါတယ်။

စစ်ကောင်စီ ဖလပ်မော်တော်တွေဟာ မင်းကင်းမြို့နယ်ကနေ ကနီမြို့နယ်အတွင်းကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်လာတာကြောင့် မြစ်ကမ်းဘေးနေပြည်သူတွေ စစ်ဘေးရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကနီမြို့နယ် ကင်းကျေးရွာသားတဦးက “ပစ်တာကတော့ လက်နက်မျိုးစုံနဲ့ကိုပစ်တာ။ သူတို့ပစ်လို့ ကျနော်တို့ ကင်းရွာဘုန်းတော်ကြီးကျောင်းထဲက သိမ်ကျောင်း လက်နက်ကြီးကျလို့ ပျက်စီးတာလည်းရှိခဲ့တယ်ဗျ။ လူနေအိမ်အတော်များများလည်း သွပ်အမိုးတွေ ပေါက်ထွက်ပျက်စီးတာတွေလည်းရှိခဲ့တယ်။ လူတွေကတော့ သူတို့စစ် ဖလပ်မော်တော်တွေ ရွာရဲ့အောက်ဘက်မရောက်မချင်း တောတောင်တွေထဲ သွားရှောင်နေရသေးတယ်။ လူထိခိုက်တာတော့မရှိခဲ့ဘူး” လို့ ပြောပါတယ်။

ကနီ LPDF ခေါင်းဆောင်တဦးက “တိုက်ပွဲကတော့ သူတို့ ကနီနယ်ထဲဝင်လာကတည်းကိုက  ကြောက်လန့်ပြီး စစ်ရေးပစ်မှတ်မဟုတ်တဲ့ နေရာတွေရော၊ ဟုတ်တဲ့နေရာတွေရော အကုန် လှီမ့်ပစ်တာဆို့တော့ ကျနော်တို့အနေနဲ့ အခုလိုပြည်သူ‌အပေါ် ဥပဒေမဲ့လုပ်တာတော့ လက်ပိုက်မကြည့်နိုင်ကြတော့ဘူး။ အဲတာကြောင့် ကိုယ်ဆိုင်ရာဆိုင်ရာ နေရာတွေကနေ ရှိတဲ့ လက်နက်တွေနဲ့ ခုခံပစ်ကြရတာပဲ။ သူတို့ ကနီမြို့ဆိပ်ကမ်းမရောက်မချင်း ကျနော်တို့ ကာကွယ်ရေးအဖွဲ့တွေက တနေကုန် မြစ်ကမ်းနဖူးပေါ်တွေကနေ ပစ်ခတ်ခဲ့ကြတာ။ အထိခိုက်ကတော့ ကျနေတို့ဘက်အဖွဲ့တွေကတော့ မရှိခဲ့ဘူး၊ စစ်ကောင်စီတပ်ဘက်က အကျဆုံးကိုလည်း မသိရဘူး။ သူတို့ စစ်ကောင်စီဖလပ်တွေကတော့ ကနီမြို့ဆိပ်ကမ်းကို မနေ့က ၅ နာရီထိုးလောက် ရောက်သွားတယ်။ အဲလိုရောက်သွားတော့မှပဲ တိုက်ပွဲကပြီးသွားတယ်” လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း၊ တင်သားအုပ်စုဘက်ကို ကြံသာရွာမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်နေတာကြောင့် ဒေသခံတချို့ ထိခိုက်သေဆုံး‌မှုတွေ ရှိနေတယ်လို့ တင်သား‌ရွာခံတွေက ပြောပါတယ်။

စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် အောင်မင်္ဂလာကျေးရွာက အမျိုးသားတဦး သေဆုံးပြီး တင်သားရွာက အမျိုးသားတဦးနဲ့ ရှားဖိုရွာက ကျောင်းသူ ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိကာ နွားလေးကောင် သေဆုံးထားတယ်လို့ သိရပါတယ်။

စစ်ကောင်စီက စက်တင်ဘာ ၁၀ ရက်ကစတင်ပြီး ကျေးရွာအနီးတဝိုက်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ နေ့စဉ်နီးပါး လက်နက်ကြီးတွေနဲ့ အကြောင်းမဲ့ ပစ်ခတ်နေတာလို့ အမည်မဖော်လိုတဲ့ တင်သားရွာခံတဦးက ပြောပါတယ်။

“အခုက နေ့ရောညရောကို ပစ်နေတာ။ ရွာတောင်ပိုင်းက ရွာသားတွေတော့ မြောက်ပိုင်းဘက်ကို ရွှေ့ခဲ့ကြပြီ။ ဘာလို့ပစ်နေတာလဲဆိုတာ သေချာမသိရဘူး။”

အဆိုပါ တင်သားကျေးရွာမှာ အိမ်ခြေ ၃,၀၀၀ ဝန်းကျင်ရှိပြီး လူဦးရေ ၁၀,၀၀၀ ခန့် နေထိုင်တယ်လို့ ရွာခံတွေက ပြောပါတယ်။

စစ်ကောင်စီက တင်သားအုပ်စုဘက်ကို ၂၀၂၂ ခုနှစ်ကလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့ ဖြစ်စဉ်တွေ ရှိခဲ့ပြီး လက်နက်ကြီးပစ်ခတ်တာနဲ့ ပတ်သက်လို့ စစ်ကောင်စီက တစုံတရာ ထုတ်ပြန်ထားတာ မရှိပါဘူး။

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ကန့်သတ်ရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီနဲ့ ပျူစောထီး စခန်းကုန်းကို ဒေသခံ ကာကွယ်ရေးအဖွဲ့တွေက စီးနင်းတိုက်ခိုက်ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ Yaw National Revolution Force YNTF-Htilin က စက်တင်ဘာ ၂၁ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၁၈ ရက် မနက် ၄ နာရီခွဲက ဂန့်ဂေါမြို့နယ် ကန့်သတ်ရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးစခန်းကို ဒေသခံကာကွယ်ရေးအဖွဲ့တွေက စီးနင်းတိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

တိုက်ပွဲချိန် မိနစ် ၂၀ လောက် ဖြစ်ပွားခဲ့ကာ စစ်ကောင်စီဘက်က ၃ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ကျန်စစ်ကောင်စီတပ်သားတွေကတော့ စခန်းကို စွန့်ခွာထွက်ပြေးသွားတယ်လို့ ကာကွယ်ရေးအဖွဲ့တွေက ဆိုပါတယ်။

PDF Kyaw ပြန်ကြားရေးတာဝန်ခံက “စစ်ကောင်စီနဲ့ ပျူစောထီး အထိုင်စခန်းပေါ့။ အဲ့ဒါကို ကျနော်တို့ ကာကွယ်ရေးအဖွဲ့တွေက ဝင်တိုက်တာပါ။ ကာကွယ်ရေးဘက်ကတော့ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပါတယ်” လို့ ပြောပါတယ်။

တိုက်ခိုက်မှုအပြီး ကာဘိုင် ၉ လက်၊ Greener ၆ လက်၊ ကာဘိုင်ကျည်ဘောက် ၁၈ ဘောက်၊ MA ကျည်ဘောက် ၇ ဘောက်၊ ကာဘိုင်ကျည် ၉၀၀ တောင့်၊ Greener ကျည် ၂၀၀ တောင့်၊ MA ကျည် ၁၅၀ တောင့်၊ အီနာဂါဗုံးသီး ၅ လုံး သိမ်းဆည်းရရှိခဲ့တယ်လို့ ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို PDF Kyaw က ဦးဆောင်ခဲ့ပြီး ဂန့်ဂေါခရိုင် အမှတ် ၇၊ ၁၈၊ ၁၉ တပ်ရင်း၊ CDF မင်းတပ် တပ်ရင်း ၂၊ ပုံတောင်ဂဠုန်နဲ့ ပုံညာမုန်တိုင်း ပကဖ ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ခိုက်မှုအပြီး စက်တင်ဘာ ၁၉ ရက်ကစပြီး စစ်ကောင်စီက ကန့်သတ်ရွာဒေသခံတွေကို ရွာပြင်ထွက်ခွာခွင့်နဲ့ အပြင်လူတွေကို ရွာထဲဝင်ခွင့် ပိတ်ပင်ထားတယ်လို့ ဂန့်ဂေါဒေသခံတွေထံက သိရပါတယ်။

မကွေးတိုင်း ပခုက္ကူမြို့နယ်မှာလည်း စက်တင်ဘာ ၂၁ ရက်က စစ်ကောင်စီစစ်ကြောင်းနဲ့ ယာဥ်တန်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ မြိုင်မြို့နယ် ပကဖကနေ သိရပါတယ်။

ပခုက္ကူမြို့နယ် ညောင်ဂျစ်ပင်ရွာကနေထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ တပ်မ ၁၀၁ ကနေ ထွက်လာတဲ့ စစ်ကောင်စီယာဥ်တန်းကို စက်တင်ဘာ ၂၁ ရက် မနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ ဒရုန်းနဲ့ အီနာဂါဗုံးသီး ၇ လုံးဖြုတ်ချတိုက်ခိုက်ခဲ့တယ်လို့ မြိုင်ပကဖ တပ်ရင်း (၁) တပ်ရင်းမှူး ဗိုလ်လက်ယာက ဒီဗွီဘီကိုပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူရှိနိုင်ပြီး ၅.၅၆ ကျည် ၁၆ တောင့်နဲ့ ကျည်အိမ်တခု သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

ပခုက္ကူအခြေစိုက် တပ်မ ၁၀၁က စစ်ကောင်စီတပ်သားတွေဟာ ကမ္မမြို့က ပြည်သူတွေရဲ့ အဖိုးတန်ပစ္စည်းတွေကို ကား ၃စီးနဲ့ ခိုးယူသွားကြတယ်လို့ ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို မြိုင်ပကဖနဲ့အတူ Black Cobra၊ ပခုက္ကူ သူရိန်အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ပြည်သူ့ကာကွယ် ရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘဲ စစ်ကောင်စီဘက်က အခြေအနေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသလို နှစ်ဖက်တပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရ သေဆုံးမှု အရေအတွက်ကိုလည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024